ပွင့်ဖြူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာပြီး တမံရေပိုလွှဲမှ (၈)ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယမန်နေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာ တွင် တမံရေပိုလွှဲမှ (၂ ဒသမ ၅)ပေခန့်သာ ရေကျော်ကျမှုရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက် လျော့နည်းကျဆင်း လျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
ကျွန်တော်တို့ ကြီးအုံကြီးဝတမံဟာ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ပြီး တမံရေပြည့်မှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် တမံရေပိုလွှဲကနေ (၈)ပေကျော်အထိ ရေကျော်ကျမှု ရှိခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာလအတွင်းမှာ မိုးရွာသွန်းမှုမရှိတော့တဲ့အတွက် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်း ကျဆင်းလာပြီဖြစ်ပါတယ်။ ယနေ့ နံနက် ၆နာရီအချိန် တိုင်းထွာရာမှာ တမံရေပြည့်မှတ်အထက် (၂ ဒသမ ၅ ) ပေခန့်သာ ရေကျော်ကျမှု ရှိပါတော့တယ်။ လက်ရှိတမံရေပိုလွှဲမှ ရေကျော်မှုကလည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိပါတော့ဘူး”ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) က ပြောသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ (နွေ ၊ မိုး ၊ ဆောင်း ) သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်သို့ စိုက်ပျိုးရေများ ပို့လွှတ်ကာ ဖြန့်ဝေပေး လျက်ရှိ၍ ဒေသခံတောင်သူများ စိုက်ပျိုးရေလုပ်ငန်းအတွက် အဓိကမှီခိုအားထားရသည့် တမံတစ်ခုဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )