လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

လိပ်သို  အောက်တိုဘာ  ၆

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုအား မြို့ပေါ်/ရပ်ကွက်များသို့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ်(၃) ရပ်ကွက် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင်  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက် မလည်ပတ်ရန်၊ မဖြစ်မနေ အပြင်ထွက်ပါက လူတိုင်းပါးစပ် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေ၀င်လေထွက်ကောင်း အောင်ဖွင့်ထားရန်၊ အပြင်မှပြန်လာတိုင်း  Mask များကို စနစ်တကျ စွန့်ပစ်ရန် ၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်နှင့် အကယ်၍ မိမိတို့ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူ ရန် ကိုဗစ်-၁၉ ရောဂါကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို ပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး  ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြပါရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  လမ်းညွှန်ချက်များကို Hand Speaker  ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော် ခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)