တနင်္သာရီ အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများရှိ ဒေသခံ ပြည်သူများထဲမှ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိသူ (၁၅)ဦး အထိရှိလာပြီး ကျေးရွာအတွင်း နေမကောင်းသူများရှိလာသဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးအေးနိုင်၏ လမ်းညွှန်မှု ဖြင့် ၎င်းကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကွင်းဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရန်အတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က တာဝန်ပေးဖွဲ့စည်းထားသည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့(၂)မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် အဖွဲ့က ယနေ့က ကွင်းဆင်းစီစစ်၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့်အတူ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနနှင့် သကျက်ရွာကျေးလက်ကျန်းမာရေးဌာန တာဝန်ခံဆရာမ၊ မြို့နယ် ကြက်ခြေနီဝင်များ၊ သကျက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်မင်းထွေးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလိုက်ပါ၍ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့သည့် (၆)မိုင်ရွာ၊ ကျွဲထိန်း ကုန်းရွာနှင့် လငုကျေးရွာများအတွင်း ကွင်းဆင်းကြပ်မတ်ပြီး ပိုးတွေ့ရှိသူနှင့် ထိစပ်သည့် မိသားစုဝင်များ၏ နေအိမ်များကိုလည်း အသွားအလာကန့်သတ် (Home Quarantine) သတ်မှတ်ထားရှိ၍၊ ကျေးရွာတစ်ရွာနှင့်တစ်ရွာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် အဆိုပါကျေးရွာများသို့အဝင်/အထွက်စစ်ဆေးရေး ဂိတ်ယာယီဖွင့်လှစ်၍ သိရသည်။
ထို့နောက် ၎င်းကျေးရွာများ၏bစစ်ဆေးဂိတ်တွင် အသုံးပြုရန် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးကျော်ဆန်က ပါးစပ်နှင့် နှာခေါင်းစည်း(Mask)(၇)ကြုပ်နှင့် လက်ဆေးဂျယ်ဗူး (၇)ဗူးတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဗွီနိုင်းပိုစတာများကိုလည်း ၎င်းဂိတ်များတွင် မြင်သာထင်ရှားစွာ ကပ်ထားကြေညာပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း