မောတောင်မြို့၊ အမှတ်(၉)ကျေးရွာ အုပ်စုအတွင်း “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး

တနင်္သာရီ အောက်တိုဘာ ၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူးဦးတင့်နိုင်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်ထိ မောတောင်မြို့ အမှတ်(၉) ကျေးရွာအုပ်စုအမှတ်(၃)ကျေးရွာ ပြည်ဖြိုးထွန်းဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီအတွင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရရှိရေး ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ကွင်းဆင်း၍ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

  ယင်းသို့ အမှတ်(၉)ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ဒေသခံပြည်သူများအားလုံး နိုင်ငံသားတစ်ဦးချင်းစီ၏ နိုင်ငံသား အခွင့်အရေးများ ရရှိစေရေး၊ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိနိုင်ရေးအတွက် စံသတ်မှတ်ချက် (၄)ချက်ဖြင့် အထောက်အထား များစိစစ်၍  (အခမဲ့) ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် နိုင်ငံသားကတ်ပြားပြုလုပ်သူ (၁၀၆)ဦးနှင့် အိမ်ထောင်စု(၁၉၄)စုတို့ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အောက်တိုဘာလ (၈) ရက်နေ့အထိ ဆက်လက် ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လဝကမှူး ဦးတင့်နိုင်ထံက သိရှိရသည်။

ထိုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်နေမှုအား မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်က အားပေးကြည့်ရှုပြီး၊ ပြည့်ဖြိုးထွန်း ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ မန်နေဂျာ ဗိုလ်ကြီးကျော်နိုင်(ငြိမ်း)နှင့် ကုမ္ပဏီ ဝန်ထမ်းများ၊ အမှတ်(၉)ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စာရေး ဝန်ထမ်းများက လိုအပ်သလို ကူညီ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း