အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ပညာရေး အငြိမ်းစား ဝန်ထမ်း ဦးစခင်သန်းအား တွေ့ဆုံမေးမြန်း

ကော့ကရိတ် အောက်တိုဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၁ ခုနှစ် ယနေ့ ကျရောက်သည့် "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က ပညာရေးအငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးစခင်သန်းအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်လှလှနွယ်က တွေ့ဆုံမေးမြန်းထားရှိမှုကို ဖော်ပြလိုက်ရပါသည်။

မေး။     မင်္ဂလာပါဆရာကြီးရှင့်၊ ဆရာကြီးရဲ့အမည်၊ ပင်စင်မယူခင် ဘယ်ကျောင်းတွေမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး တော့၊   ပင်စင်ယူခဲ့တဲ့ ကာလကို ပြောကြားပေးပါရှင့်။

ဖြေ။     ဆရာကြီးအမည်က ဦးစခင်သန်းဖြစ်ပါတယ်။ ကျွန်တော်စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်း ကတော့ ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအုပ်စု နောင်နိုင်းကျေးရွာ အခြေခံပညာ မူလတန်းမှာ ဖြစ်ပါတယ်၊ လက်ထောက်မူလတန်းပြ တာဝန်နဲ့ပေါ့။ အဲ့ဒီနှစ်မှာဘဲ ဆရာဖြစ်ချင်တဲ့ ဆန္ဒနဲ့ စိတ်ဓာတ်နဲ့ ပေါင်းစပ်ပြီးတော့ ကြိုးစားပြီး သင်ကြားလိုက်တာ တန်းလုံးကျွတ် အောင်ပါတယ်။ အဲ့ဒီကနေပြီးတော့ တွဲဖက် မူလတန်းကျောင်း အုပ်တာဝန်၊  အလယ်တန်းပြနဲ့ ပြင်ပြီးတော့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ဆုံးတော့ အထက (၂) မှာ အလယ်တန်းပြနဲ့ တာဝန်ထမ်းဆောင်ရင်း ကျန်းမာရေး အခက်အခဲတစ်ခု ကြောင့် ဆေးပင်စင်ယူလိုက်ရပါတယ်။ ပင်စင်ယူခဲ့တဲ့ အချိန်က ၁၉၉၆ နိုဝင်ဘာလ အားလုံးပေါင်း လုပ်သက် (၁၄) နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မေး။     ဆရာမကြီးအနေနဲ့ ဆရာ့ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါအုံးရှင့်။

ဖြေ။ ဆရာ၊ ဆရာမတွေ အားလုံးရဲ့ ကျင့်ဝတ်ကတော့ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဆိုတဲ့ ဝတ္တရား ၅ ပါးနှင့်အညီ သင်ကြားရပါတယ်။ ဒါတောင်မကသေးပါဘူး အဲ့ဒီကျင့်ဝတ်အပြင် စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ တာဝန်ချိန်အပြင် ပြင်ပကနေ တစ်ခါတည်း လိုရင်လိုသလို သင်ကြားပေးပါတယ်။ ဆရာ၊ ဆရာမလုပ်ငန်းဟာ ဘယ်လောက်ထိ မြင့်မြတ် လဲဆိုတာ ကျွန်တော်က ခံယူထားလို့ ပညာရေးဌာနထဲဝင်ပြီးတော့ ဆရာလုပ်ရခြင်းဖြစ်ပါတယ်။

မေး။     တပည့်ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးစေချင်ပါတယ်ရှင်။

ဖြေ။ ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊တပည့်ဝတ်၊ မချွတ် ၅ ခုသာ ဆိုတဲ့အတိုင်း သူတို့ကို သင်ကြားပေးလိုက်တော့ မတင်ကတည်းကိုက ထထကြွကြွဘဲ၊ လုပ်ခိုင်းရင်လဲ တက်တက်ကြွကြွပဲ၊ ဘာပဲလုပ်လုပ် တက်တက်ကြွကြွရှိတော့ အားရစရာကြီးပါပဲ။ အဲ့ဒီမှာ ဆန့်ကျင်ဘက် လုပ်တဲ့ ကျောင်းသားတွေကတော့ ရှားရှားပါးပါးပဲ၊ အဲ့ဒီလို သင်ကြားပေးလိုက်တော့ ကျောင်းသားတွေက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ ဆရာ၊ ဆရာမတွေ လာတဲ့အခါကျရင် စည်းကြိုတာတို့၊  ဆွဲခြင်း ဝိုင်းဝန် ဆွဲလာပေးတာတို့၊ နောက်ဆုံးဗျာ ကျောင်းမှာတောင်မဟုတ်ဘူး ရပ်ရွာထဲမှာ တွေ့ရင်လည်း မေးကြတာပေါ့ ဆရာမ ဘာတွေဝိုင်း လုပ်ပေးရမလဲပေါ့။

မေး။ ဆရာကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတုန်းက ကျောင်းသား၊ ကျောင်းသူတွေကို လိမ္မာယဉ်ကျေး အောင် ဘယ်လိုသွန်သင် လမ်းညွှန်ဆုံးမမှုပေးခဲ့ပါသလဲရှင်။

ဖြေ။     အဲ့တာက ကျွဲကူးရေပါဆိုတဲ့ သင်ခန်းစာသင်ရင်း အဲ့ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီးတော့ သင်ကြားပေး သွားပါတယ်။ သင်ခန်းစာနဲ့ ဆက်စပ်နေမဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ ဒါတွေက ဆက်စပ်နေပါတယ်။ လွတ်လပ်ရေးဆိုရင် လွတ်လပ်ရေးရရှိတဲ့အခါကျတော့ ဘယ်လိုနေရလဲ၊ လွတ်လပ်ရေး မရခင်က ဘယ်လိုတွေနေရလဲ ဒါတွေကို သိလာကြတော့ ဒီလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့အတွက် ကျရာကဏ္ဍမှာ တာဝန် ထမ်းဆောင်ကျတာပေါ့၊ မတူကြဘူး၊ ဝါသနာပါရာအလျောက် သင်ကြားပေးပါတယ်။ ပြည်ထောင်စုနေ့ဆိုရင်လည်း စည်းလုံးနေရမယ်၊ ကွဲကွဲပြားပြားနေရင် ဒီလို့ဖြစ်တယ်၊ မကောင်းဘူးဆိုတာ ရှင်းပြတာပေါ့။ အဲ့ဒီလိုတွေ သင်ကြား ပေးပြီးတဲ့ နောက်ပိုင်း ကျောင်းခန်းထဲမှာ သူတို့ အချင်းချင်းလည်း ရန်ဖြစ်နေကျ မဖြစ်တော့ဘူး၊ စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်ကြတယ်၊ အသင်းလေးသင်းဆိုရင်လည်း ယခင်က ကွဲပြားကွဲပြားနဲ့ ယခုမကွဲပြားတော့ဘူး၊ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင် ကျတဲ့အခါကျတော့ ကျောင်းအတွက် အခန်းတစ်ဏ္ဍအနေနဲ့ အများကြီး တိုးတက်လာ ပါတယ်။

မေး။     ကလေးတွေကိုပြုစုတဲ့အခါမှာ ဆရာ/မတွေရဲ့ အခန်းကဏ္ဍဘယ်လောက် အရေးကြီးလဲဆိုတာ သိချင်ပါတယ် ရှင့်။

ဖြေ။     ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာ ဆရာ၊ ဆရာတွေရဲ့ အခန်းကဏ္ဍက ရာနှုန်းနဲ့ တွက်ရင် ၈၀ ရာခိုင်နှုန်း သို့မဟုတ် ၉၀ ရာခိုင်နှုန်း တာဝန်ရှိပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ကိုယ်လိုချင်တဲ့ ပုံပန်း သဏ္ဍာန်ကို လိုချင်တယ်ဆိုရင် ဖယောင်းဟာ မမာခင်မှာ ကိုယ်လိုချင်တဲ့ ပုံစံကို သွင်းရတယ်၊ မာလာပြီးမှ သွင်းလို့မရတော့ဘူး။ သွင်းလို့ရတဲ့ ဖယောင်းပျော့ဆိုတာက ကျောင်းသားတွေ အရွယ်ဘဲ၊ ဒီကျောင်းသား တွေကို ပုံသွင်းဖို့က ဆရာ၊ ဆရာမတွေရဲ့ တာဝန်ဖြစ်ပေမဲ့လို့ ဆရာ၊ ဆရာ မတွေဟာ တစ်နှစ်နဲ့ တစ်နှစ်က မတူကြပြန်ဘူး။ နောက်ပိုင်း သင်ခန်းစာတွေ ပိလာတော့ ပြင်ပသင်ခန်းစာကို သင်ကြားပေးလို့ မအားတော့ ဘူး။ ကျွန်တော်တို့တုန်းကတော့ အဲ့ဒီလောက်ထိကို ဖိအားမရှိဘူး။ ကျွန်တော်တုန်းက သင်ကြား စာသင်ကြားပြီးတော့ ပိုတဲ့အချိန်တွေမှာဆို ပြင်ပသင်ခန်းစာတွေကို အများကြီး သင်ကြားပေးလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်ကြားရသလောက်တော့ ယခု ဆရာ၊ ဆရာမတွေလည်း တတ်နိုင်သလောက်တော့ သင်ကြားပေးနေပါတယ်။ ဒါကြောင့် နိုင်ငံတော်အတွက် အရေးပါတဲ့ အနာဂတ်ခေါင်းဆောင်တွေ တစ်နည်း အားဖြင့် နိုင်ငံ့သားကောင်းတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍက ဒီထက် ပိုပြောရရင် ရာနှုန်းပြည့်နီးပါး အရေးကြီးပါတယ်။

မေး။     "ကမ္ဘာ့ဆရာများနေ့"အထိမ်းအမှတ်တွင် ဆရာကြီးအနေနဲ့ အမှတ်တရရှိရင်လည်း ပြောပေး ပါလားရှင့်။

ဖြေ။     အမှတ်တရအနေနဲ့က တစ်ခုတော့ရှိတာပေါ့နော်။ ကျွန်တော် မူလတန်းပြ တာဝန်ထမ်းဆောင်ခဲ့တဲ့ သုံးနှစ် မြောက်မှာ တန်းလုံးကျွတ်အောင်တာက ရိုးရိုးတန်းလုံးကျွတ်အောင်တာ မဟုတ်ဘူး။ ဆရာ၊ ဆရာမတွေ နှုတ်ဆက်ပွဲမှာ ကျွန်တော်ကို ဆုပေးတဲ့အချိန်မှာ ကျောင်းသားတွေကော၊ ကျောင်းသား မိဘတွေကပါ လက်ခုပ်သြ ဘာတီးပြီးတော့ တန်းလုံးကျွတ်ဆရာဆိုပြီး ကျွန်တော်အနေနဲ့ ဒီပညာရေးဌာနမှာ အင်မတန်မှ အားရစရာတစ်ခုဖြစ်ခဲ့ ပါတယ်လို့ ပြောပြချင်ပါတယ်။

မေး။     ယခုလို ကျွန်မတို့ရဲ့ဌာနမှာ  ဆရာကြီးအနေနဲ့  ရင်တွင်းစကားသံများ ပြောကြားပေးတဲ့ အတွက် အထူးပင် ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။     ဆရာကြီးကလဲ"ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ယခုလိုအစီအစဉ်ကို စီစဉ်ပေးတဲ့အတွက် ပြန်ဆက် ဦးစီးဌာနကို ကျေးဇူးတင်ရှိပါတယ်။ ကမ္ဘာမှာရှိတဲ့ ဆရာ၊ ဆရာမတွေအားလုံးလည်း ကျန်းမာကြပါစေ၊ ချမ်းသာကြ ပါစေ၊ ကျွန်တော်ဆန္ဒရှိသလို ကျောင်းသားတွေကိုလည်း သင်ပေးကြပါလို့၊  မွမ်းမံပေးကြပါလို့၊ ပြုစုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

စောအောင်မျိုးလွင် (ပြန် / ဆက်)