ဟင်္သာတမြို့နယ်တွင်၂၀၂၁ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့်"ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာမကြီး ဒေါ်တင်တင်လိူင် ၏ရင်တွင်း စကားသံများကိုတွေ့ဆုံမေးမြန်းခြင်း

ဟင်္သာတ   အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်၂၀၂၁ ခုနှစ် ယနေ့ ကျရောက်သည့်"ကမ္ဘာ့ဆရာများနေ့"အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာမကြီး ဒေါ်တင်တင်လိူင်၏ရင်တွင်း စကားသံများအား တွေ့ဆုံမေးမြန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ သုံးပင်ကွင်း အလယ်လမ်းရှိဆရာမကြီး နေထိုင်သောနေအိမ်တွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခြင်းကို ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး(တာဝန်ပေး)ဒေါ်ခင်သန္တာထွေး မှတွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ မင်္ဂလာပါဆရာမကြီးရှင့်၊ဆရာမကြီးရဲ့အမည်၊အသက်၊၊ အငြိမ်းစားယူခဲ့သည့် ကျောင်းအား ပြောကြားပေးပါရှင့်။

ဖြေ။ဆရာမကြီးအမည်က ဒေါ်တင်တင်လိူင်ပါ၊အသက်က(၆၆)နှစ်ပါ၊ ဟင်္သာတမြို့ အထက(၅)ယခင် အလက (၁)နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းက အလယ်တန်းပြဆရာမ ဘဝ နဲ့ပင်စင်ယူထားတာပါ။

မေး ။ ပင်စင်မယူခင်ဆရာမကြီးအနေနှင့်ဘယ်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါသလဲ။

ဖြေ။ပထမဦးဆုံးကတော့ ဟင်္သာတမြို့နယ်ထဲက ကိုင်းချောင်းအုပ်စု ၊ ကိုင်းချောင်းမူလတန်းကျောင်းမှာ အလုပ်စဝင်ခဲ့ပြီးနောက် ဆကာရပ်ကွက် အမက ကျောင်းသို့ပြောင်းရွေ့ ခဲ့ရပါတယ် အဲဒီကမှ အလယ်တန်းပြအဖြစ် ကိုင်းကျောင်းရွာမှာ တစ်ခါပြန်ပြီးတာဝန်ကျတယ် ၆နှစ်လောက်ကြာတော့မှ ၁၉၈၈ ခုနှစ်မှာ အလက ၁ ကျောင်းကိုရောက်ရှိခဲ့ပြီး ၂၀၁၄ခုနှစ် အောက်တိုဘာ မှာ အငြိမ်းစားယူခဲ့ပါတယ်။

မေး။ ဆရာမသင်ကြားခဲ့တဲ့ဘာသာရပ်တွေကိုလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။ ကျွန်မကတော့မူလတန်းကျောင်းမှာတော့ ဘာသာစုံသင်ခဲ့ရတယ် စတုတ္ထန်းမှာတော့ တန်းလုံးကျွတ်အောင်မြင်ရေး စီမံချက်တွေရှိတော့ ကြိုးစားသင်ခဲ့ရတာပေါ့ တန်းလုံးကျွတ်လဲ အောင်မြင်ခဲ့ပါတယ်။ အလက ၁ ကိုရောက်တော့ ၆တန်းအင်္ဂစာကို သင်ကြားပေးခဲ့ရပါတယ် ပင်စင်ယူတဲ့ထိ တစ်ခြားဘာသာရပ်ကို မပြောင်းခဲ့ရပါဘူး။

မေး။ဆရာမကြီးတို့အနေဖြင့်ကလေးတွေကိုပြုစုတဲ့အခါမှာဆရာ/ဆရာမတွေ၏အခန်းကဏ္ဍဘယ်လောက်အရေးကြီးလဲဆိုတာသိချင်ပါတယ်ရှင့်။

ဖြေ။ တပည့်များကို ထူးချွန်လိမ္မာသော ပန်းကောင်းလေးတစ်ပွင့်ဖြစ်လာစေရန် လမ်းညွှန် ပေးသင့်သည့် နည်းလမ်းများအား အမြဲစဥ်းစားတွေးတော ဆောင်ရွက်ခဲ့ပါတယ် ။ဆရာမ အလုပ်အား ဝါသနာပါပြီး ဝါသနာနှင့် ရည်ရွယ်ချက်အတိုင်း အသက် ၆၀ ပြည့်သည့်အထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တကယ်တော့ဆရာ/ဆရာမဆိုတာ ကလေးများအတွက ်စံပြပုဂ္ဂိုလ်များပဲဖြစ်တယ်၊ စံပြပုဂ္ဂိုလ်ဖြစ်တဲ့အတိုင်းဆရာ/ ဆရာမများကလဲကောင်းမွန်သော နည်းလမ်းများကိုသင်ကြားညွှန်ပြပေးရမှာပဲဖြစ်တယ်၊ကလေးများကိုကျောင်းစာသင်ကြားပေးသည့်အပြင် ပြင်ပဗဟုသုတများ ကျန်းမာရေး၊နေထိုင်သွားလာမှု ပြောဆိုဆက်ဆံမှု လေးစား လိုက်နာဆောင်ရွက် တတ်မှုများလည်း သွန်သင်လမ်းညွှန်ပြရမယ်၊ ကလေးများကလည်း ဆရာ/ဆရာမများ၏ ဦးဆောင် သင်ကြားပေးမှုအား လိုက်နာကြဖို့လိုပါတယ်။

မေး။"ကမ္ဘာ့ဆရာများနေ့"အထိမ်းအမှတ်တွင် ဆရာမကြီးအနေဖြင့်အမှတ်တရ အနေဖြင့် ဖြည့်စွတ် ပြောပေးပါဦးရှင့်

ဖြေ။ ဆရာ/ဆရာမများသည် တပည့်များအပေါ်ကောင်းကျိုးကို ရှေ့ရူ၍ ပဲ့ပြင်ဆုံးမ ထိမ်းကြောင်းခဲ့ကြသူချည်းပင်ဖြစ်ပါသည် ။ယခုချိန်ထိလည်း တော်သော လိမ္မာသော တပည့်များအား အမှတ်တရရှိနေဆဲပါပဲ။ တပည့်မျိုးစုံနဲ့လည်းတွေ့ရှိခဲ့ရပြီး တစ်နှစ်လုံးကြာတောင် လက်ညှိးနဲ့တောင် ထိုးခဲ့ရခြင်းမရှိ မာန်မဲခဲ့ရခြင်း မရှိသည့်တပည့်တွေ များစွာရှိသလို ဆုံးမရခက်သည့် တပည့်တွေကိုလည်း ချော့မော့ ၊ ​ချောက်လှန့် ပြောဆိုခဲ့ရသည့် တပည့်များလည်း ရှိခဲ့ပါတယ်။ ဆရာတပည့် အမှတ်တရပေါင်း များစွာထဲမှာမှ ယနေ့ကမ္ဘာ့ဆရာများနေ့မှာ အထိမ်းအမှတ်အနေနှင့် အမှတ်တရ စကားပြောကြား ခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်။

မေး။ယခုလိုဆရာမကြီး၏ရင်တွင်းစကားသံများပြောကြားပေးသည့်အတွက်အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်

ဖြေ။ဆရာမကလဲ"ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ယခုလိုအစီအစဥ်ကို စီစဉ်ပေးတဲ့အတွက် ပြန်ဆက် ဦးစီးဌာနကို ဝမ်းမြောက်စွာနဲ့ကျေးဇူးတင်ရှိပါတယ်။

ကိုဇော်