အမာမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများ

အမာ    အောက်တိုဘာ     ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင်  ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှုခံခဲ့ရသော်လည်းပြန် လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံများကို ယခုလိုဖော်ပြလိုက်ရပါသည်။

ဒေါ်နော်ဇဲလ်မာ (မြို့မ(၄)ရပ်ကွက် ၊ အမာမြို့)အဒေါ်ကတော့ အမာမြို့၊ (၄)ရပ်ကွက်၊ နေသူရိန်လမ်းမှာနေထိုင်တဲ့ ဒေါ်နော်ဇဲလ်မာ ဖြစ်ပါတယ်။  အိမ်မှာအတူနေ မိသားစု(၆)ဦးရှိပါ တယ်။ အဒေါ်ကတော့အပြင်သွားတာမရှိပါဘူး။ အတူနေလူငယ်တွေကတော့ စျေးသွားတာ အလုပ်နဲ့ခရီးထွက်တာတော့ရှိကြတယ်။ တစ်ရက်မှာ ရေချိုးခေါင်းလျှော်ပြီး အအေးမိနှာစေးတာ စဖြစ်လာတယ်။ (၃) ရက်လောက်နေတော့ အနံ့စပျောက်တယ်။ အဲတာနဲ့ဆေးရုံမှာ ဆေးသွားစစ်ပါတယ်။ ဆေးစစ်ခံတဲ့အခါမှာတော့ Positive ဖြစ်နေ တာသိလိုက်ရတယ်။ ဆေးရုံတစ်ခါ တည်းတက်လိုက်ရတယ်။ ကာကွယ်ဆေးက (၂)ကြိမ်ပြည့်အောင်ထိုးထားပြီးပါပြီ။ သွေးတိုးကရှိ တော့ဆေးသွင်း၊ ဆေးချိတ်လုပ်ပေးရပါတယ်။ ဆေးရုံမှာ ၁၀ ရက်နေရပါတယ်။ ကိုဗစ် ကူးစက်မှုကို ကာကွယ်တဲ့ အနေနဲ့ကိုဗစ် ဖြစ်တဲ့လူနာတွေကိုသွေးပေါင်ချိန်တိုင်းတဲ့ကတ်နဲ့ အောက်ဆီဂျင်တိုင်းစက်တွေ ပေးထားပါတယ်။ မနက်ဆို ဆရာမကဖုန်းဆက်ပြီး မေးပါတယ်။ ဘယ်လူနာမှာသွေးပေါင်ချိန် ဘယ်လောက်ရှိလဲပေါ့။ အားဆေးတွေပေးတယ်။ လိုအပ်တဲ့အခါ ဆရာမလေးတွေ ကိုယ်တိုင်လာရောက်တိုင်းယူကြပါတယ်။ အရေးပေါ်လူနာတို့ အောက်ဆီဂျင်ရှူရဖို့၊ အောက်ဆီဂျင်ပိုက်တပ်ရမဲ့ လူနာတွေဆိုရင် ဆရာဝန်နဲ့ ဆရာမတွေကကြည့်ပေးတယ်။ ဆရာဝန်နဲ့ ဆရာမတွေညွှန်ကြား တဲ့အတိုင်း လိုက်နာပြီးလေ့ကျင့်ခန်းလုပ်တယ်။ ကိုယ်ခံအား ကောင်းအောင်နေတယ် အိပ်ရေးဝအောင်အိပ်တယ်။ အားရှိစေတဲ့ အစားအစာတွေများများစားတယ်။ အစား အသောက်တွေကိုအိမ်က လာပို့ပေးတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့အခါ သက်မှတ်ရက် ၁၀ ရက် ပြည့်တော့ဆေးရုံဆင်းရ တယ်။ အိမ်မှာ Home Quarantine (၇) ရက် နေထိုင်ပါတယ်။ ကိုဗစ်ရောဂါကအဓိကစိတ်ပါ။ စိတ်ကိုမာအောင်နေရမယ်။ အစားအဟာရပြည့် ဝအောင်စားမယ်။ အိပ်ရေးကိုဝအောင် အိပ်မယ်ဆိုရင် ကိုဗစ်ရောဂါကို တိုက်ထုတ်နိုင်လိမ့်မယ် လို့ယုံကြည် ကြောင်း၊ ဆေးရုံတက်နေရတဲ့အချိန်မှာ စေတနာအပြည့်နဲ့ ဆေးကုသပေးတဲ့ ဆရာဝန်ကြီးနဲ့ ဆရာမလေးတွေကိုလည်းအထူး ကျေးဇူးတင်ရှိရပါကြောင်းကို ဒေါ်နော်ဇဲလ်မာက ပြောကြားထားပါသည်။

အမာ(ပြန်/ဆက်)