ဆွမ္မရာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လေရှီးမြို့နယ် ဦးစီးမှူးရုံး အစီအစဉ်ဖြင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆွမ္မရာမြို့၊ ရပ်ကွက်(၂)ရုံး၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း လုပ်ငန်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်ရှိ အသက်(၁၀)နှစ်ပြည့်မီသူနှစ်ဦး၊ (၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် လဲလှယ်(၁၁)ဦး၊ (၁၈)နှစ်ပြည့်ပြီးလဲလှယ်နှစ်ဦး၊ ပျောက်ပျက်မိတ္တူ(၁၃) ဦးတို့ကို လေရှီးမြို့နယ် ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးမရားနှင့် ဒု-လဝကမှူး ဦးပင်ကျော်ဟန် တို့က ဆောင်ရွက်ပေးခဲ့ပြီး အောက်တိုဘာ(၄)ရက်နေ့နှင့် (၅)ရက်နေ့များတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပျက်စီး၊ ခွဲထွက်၊ လဲလှယ်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဖွန်သရက်ကျေးရွာ၊ လေယုံ၊ ပန်ဆပ်နှင့် ငကျန်ကျေးရွာများတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်မောင်(ဆွမ္မရာ)