ယခုနှစ်တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့နှင့် ပတ်သက်ပြီး အငြိမ်းစား ဆရာကြီး ဦးမြသိန်း (၂၀ ရပ်ကွက်)ငုဝါလမ်း၊ တောင်ငူမြို့နယ်မှ ဂုဏ်ပြုအမှတ်တရ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်-
မေး။ ဆရာကြီး ပညာရေးဌာနမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ ခုနှစ်နဲ့ ပင်စင်ယူခဲ့ပြီးတဲ့ ခုနှစ်လေး သိချင်ပါတယ်ရှင်။
ဖြေ။ စတင်တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက မူလတန်းပြအဖြစ် တောင်ငူမြို့နယ် ကသဲစုကျေးရွာ အခြေခံမူလတန်ကျောင်းမှာ စတင်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အလယ်တန်းပြ ဆရာအဖြစ် ရေတာရှည်မြို့နယ် ရွှေကစောင်းကျေးရွာ အလယ်တန်းကျောင်း ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တောင်ငူမှာ အလယ်တန်းဆရာအဖြစ်နဲ့ သင်ကြားရေးအပိုင်းမှာ (၂၅)နှစ်တာ တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီကနေ သက်ပြည့် အငြိမ်းစားအဖြစ် ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ စတင်ယူခဲ့တာ ယခုနှစ်ထိဆိုရင် အငြိမ်းစားပင်စင်စားအဖြစ် ၉ နှစ်ကျော် ရှိသွားပါပြီ။
မေး ။ ဆရာကြီးတို့ တာဝန်ထမ်းဆောင်ချိန်က တပည့်များကို လိမ္မာယဉ်ကျေးမှုရှိအောင် ဘယ်လိုသွန်သင်ဆုံးမ လမ်းညွှန်မှုတွေ ပေးခဲ့ပါသလဲရှင်။
ဖြေ။ တပည့်များကို လိမ္မာယဉ်ကျေးမှုရှိအောင် ဗုဒ္ဓဘာသာယဉ်ကျေးမှုများမှ ဘုရားအဆုံးအမတွေ၊ လောကနီတိကျမ်းလာအရ သင်ကြားပေးခဲ့ပါတယ်။ ဆရာကြီးကိုယ်တိုင် အတွေအကြုံ ဗဟုသုတတွေနဲ့ ဆက်နွယ်ပြီး ပုံပြင်တွေ၊ စကားပုံတွေ၊ မှတ်သား နာယူခဲ့တဲ့ အကြောင်းအရာတွေနဲ့ ယှဥ်တွဲပြီး အမြဲသွန်သင်လမ်းညွှန် ဆုံးမမှုတွေပေးခဲ့ပါတယ်။ ဒါ့ကြောင့်ကျောင်းတော်ကြီးကနေ မွေးထုတ်ပေးမည့် အသိပညာ အတတ်ပညာ စုံလင်စွာနဲ့ လူတော်လူကောင်းတွေဖြစ်လာစေဖို့ ဆရာတွေရဲ့ ဆုံးမလမ်းညွှန်မှုတွေကို တပည့်တွေကလည်း အမြဲလိုက်နာကြစေဖို့လိုပါတယ်။ တပည့်တွေအတွက် လျစ်လျူရှုမနေတတ်တဲ့ စိတ်ကြောင့် နှစ်စဉ် အာစရိယပူဇော်ပွဲတွေ ကျင်းပတဲ့အခါတွေမှာ၊ လမ်းမှာတွေ့တဲ့အခါတွေမှာ ကြုံတိုင်း မှာကြားလမ်းညွှန်ပေးတတ်တဲ့ အကျင့်တွေက ဆရာတိုင်းရဲ့ စိတ်ထဲမှာ အမြဲစွဲနေတော့တာပါ။
မေး။ ဆရာ့ကျင့်ဝတ်နဲ့ တပည့်ကျင့်ဝတ်တွေကို လိုက်ကြနာဖို့နဲ့ ပတ်သက်ပြီး ပြောကြားပေးစေချင်ပါတယ်ရှင်။
ဖြေ။ ဆရာ့ကျင့်ဝတ်ဆိုတာက `` အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့ ဆရာတို့ ၊ ကျင့်ဖို့ဝတ်ငါးဖြာ ´´ ဆိုသည့်အတိုင်း ပြည်သူ့နိတိမှာ ဆိုရိုးရှိထားတဲ့ ကျင့်ဝတ် ငါးဖြာကို လက်ရှိ သင်ကြားရေးအပိုင်းမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ ဆရာတွေ ဆရာမတွေအနေနဲ့ အမြဲလိုက်နာကြဖို့ လိုပါတယ်။ ဆရာတစ်ယောက်ဖြစ်လာရင် ပညာသင်ကြားပေးရုံတင်မဟုတ်ပဲ တပည့်များအပေါ် ဘေးရန်မကျရောက်စေဖို့ ၊ လိမ္မာရေးခြားရှိအောင် အမြဲသွန်သင်ဆုံးမပေးဖို့ လိုပါတယ်။ ဒါမှလည်း လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့ ကျောင်းတော်ကြီးကနေ မွေးထုတ်ပေးလိုက်တဲ့ နေရာဟာ အရေးကြီးဆုံးပါ။ ပညာလာရောက်ဆည်းပူးကြတဲ့ တပည့်တွေကလည်း တပည့်ကျင့်ဝတ်ဖြစ်တဲ့ `` ညီညာထကြွ ၊ ဆုံးမနာယူ ၊ လာမူကြိုဆီး ၊ ထံနီးလုပ်ကျွေး ၊ သင်တွေးအံရွတ် တပည့်ဝတ် " ဆိုတဲ့အတိုင်း အမြဲတသွေ လိုက်နာကြဖို့လည်း လိုပါသည်။ တပည့်တစ်ယောက်မှာ ရှိရမည့်ကျင့်ဝတ်တွေဟာလည်း ငယ်စဉ်အခါပညာသင်ကြားချိန်တည်းက အဆင့်ဆင့် ပညာဆည်းပူးချိန်မှာ ပါမလာခဲ့ရင် မှားယွင်းတဲ့ အမူအယာ အပြုအမူတွေ စွဲလမ်းတတ်ပါတယ်။ ဒါကြောင့်မို့ ဆရာတစ်ယောက်အနေနဲ့ တပည့်တွေကို လေးစားလိုက်နာတတ်ဖို့ ကျင့်ဝတ်တွေကို အမြဲသွန်သင်ဆုံးမဖို့ လိုအပ်ပါတယ်လို့ ပြောကြားချင်ပါတယ်။
မေး။ ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး အမှတ်တရစကားများ ပြောကြားပေးစေချင်ပါတယ်ရှင်။
ဖြေ။ ကမ္ဘာ့ဆရာများနေ့ဆိုတာ ကမ္ဘာနဲ့ချီတဲ့ ဆရာဆိုတဲ့ဂုဏ်ကို ချီးမြှင့်တာမို့ ကမ္ဘာ့ဆရာများနေ့ ရောက်တိုင်း နိုင်ငံနဲ့တစ်ဝန်း အာစရိယပူဇော်ပွဲတွေ၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပကြတာဖြစ်လို့ သက်ကြီးဝါကြီး ဆရာကြီး ဆရာမကြီးတွေကို ပူဇော်ကန်တော့ကြတဲ့ အစဉ်အလာတွေကို မပျက်ထိန်းသိမ်းစေချင်ပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့ မွေးထုတ်ပေးလိုက်တဲ့ ဆရာများရဲ့ ဂုဏ်ကျေးဇူးတွေကို အမြဲသတိရစေချင်ပါတယ်။ ဒါ့အပြင် ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာလည်း ကျောင်းသား ကျောင်းသူတွေအနေနဲ့ သွားရောက်ကာ ပညာတက်ရောက်သင်ကြားစေချင်ပါတယ်။ နိုင်ငံတော်ကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို ဦးစားပေးအုပ်စုတွေ အလိုက် ထိုးနှံပေးနေပါတယ်။ အသက် ၁၂ နှစ်အထက် ကာကွယ်ဆေး ထိုးနှံပေးတော့မှာ ဖြစ်လို့ ကျောင်းသားလူငယ်များကလည်း ဆက်ဆက်ထိုးနှံစေချင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့အညီ နေထိုင်ကြပါလို့ မှာချင်ပါတယ်။ ဒါဆိုရင် ကိုဗစ်နဲ့အတူယှဉ်ပြီး ပညာသင်ကြားနိုင်တော့မှာပဲလို့ ဆရာကြီးက ပြောကြားချင်ပါတယ်။
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့တဲ့ ဆရာကြီးကို ကျေးဇူးတင်ပါတယ်ရှင်။
စမ်းစမ်းအေး