ပြည် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကွဲမှူစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် အရာရှိကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲ(၁)နာရီက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ဆန်လှူအသင်းကြီးတို့ ပူးပေါင်းလှူဒါန်းသော အကြိမ်(၄၀) မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူပူဇော်သည်။
ရှေးဦးစွာ ဩဝါဒ ဆရာတော်ကြီးများ အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၉)ပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ဆန်လှူရှင်အသင်းကြီး၏ ဥက္ကဋ္ဌ ဦးမြင့်ဦးက အသင်း၏ သာသနာရေးဆိုင်ရာ ဆောင်ရွက်မှုများ လျှောက်ထားတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေသကွပ်ကွဲမှူစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များက ဩဝါဒါစရိယ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်သည်။ ယင်းနောက် ပြည်မြို့ မဟာသုဒဿနာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေကြပြီး သာသနဝေပုလ္လကာရီသီလရှင် ဆရာလေးများက ဆုတောင်းမေတ္တာပို့ရွတ်ဆိုကာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ပထမပိုင်းပြီးမြောက်ခဲ့သည်။
ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲ ဆက်လက်ကျင်းပရာ ကြွရောက်လာကြသည့် ပြည်ခရိုင် ခြောက်မြို့နယ်မှ ဆရာတော်/သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေး များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ခဲ့ကြပြီး အဆိုပါ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကြီးတွင် ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ပရိယတ္တိစာသင်တိုက် (၅၁၈)ကျောင်းနှင့် သီလရှင် စာသင်တိုက်(၁၄၉) ကျောင်းတို့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများမှစုပေါင်း၍ ဆွမ်းဆန်တော် (၁၄၀၄) အိတ်နှင့် (၁၇)ပြည်၊ ဆီ(၂၈၀)ပိဿာ၊ ပဲ(၆၉၁)ပိဿာ(၅၀) ကျပ်သား၊ ဆား(၁၃၉၈) ပိဿာနှင့် နဝကမ္မအလှူငွေကျပ်(၅၄)သိန်းတို့အား ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြောင်း သိရသည်။
ကိုဆက်