ကော့ကရိတ် အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးအငြိမ်း စားဝန်ထမ်း တို့ ပူးပေါင်း၍ ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သိမှတ်ဖွယ်ရာ အသိပညာပေး (Talk Show) ကို ယနေ့ ညနေ ၁၂ နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ်က အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ပညာရေး အငြိမ်းစားဝန်ထမ်း ဒေါ်သန်းရီ က ကမ္ဘာ့ဆရာများနေ့ စတင်သတ်မှတ်ခဲ့ပုံ၊ ကျောင်းဆရာနှင့် ဆရာခွဲခြား သတ်မှတ်ထားရှိမှုများ၊ ဆရာဘဝတွင် ဆရာကျင့် ဝတ်(၅)ပါး၊ နာသုံးနာတို့နှင့်အညီ ခံယူချက်ထားကာ သင်ကြားခဲ့ပုံ၊ ငယ်စဉ်ဘဝ ပညာသင်ယူစဉ်က တပည့်ကျင့်ဝတ် (၅)ပါးနှင့်အညီ လိုက်နာပညာသင်ယူခဲ့ပုံများ၊ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား လိမ္မာယဉ်ကျေးအောင် သွန်သင်လမ်းညွှန် ဆုံးမပေးခဲ့မှုများ၊ ကလေးတွေကို ပြုစုပျိုးထောင်သည့် အခါ ဆရာ/မများ၏ အခန်းကဏ္ဍ၏ အရေးပါမှုများ၊ ယနေ့ခေတ်သည် ပညာရေးခေတ် ဖြစ်သည့်အတွက် ပညာရေးကဏ္ဍ၏ အရေးပါမှုများ၊ ဆရာကောင်း တစ်ယောက်ဖြစ်ရန် လိုက်နာကျင့်ကြံနေထိုင်ရမည့် အချက်များနှင့် ကမ္ဘာ့ဆရာများနေ့၌ ရရှိခဲ့သော အမှတ်တရများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)