ကမမောင်း ၊ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် အသက်(၁၈)နှစ်အထက် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှထိုးနှံရခြင်း မရှိသေးသည့်ပြည်သူ စုစုပေါင်း(၆၀၀) ဦး အတွက်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) first dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်မှ စတင်၍ မြို့အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၊ အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က(၁) မူလတန်းလွန်ကျောင်းတို့၌ကျန်းမာရေးဌာနမှဝန်ထမ်းများက ဆက်လက်၍ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ပညာရေးဝန်ထမ်းများ၊ရပ်/ ကျေးစာရေးများ၊ မြို့ကြက်ခြေနီအဖွဲ့ခွဲငယ်မှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ အမည်၊မှတ်ပုံတင်စာရင်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ရေးမှတ်ခြင်းတို့ကိုပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ကို ဒုတိယအသုတ်အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့၌ ပြည်သူစုစုပေါင်း (၁၃၀၀) ဦး ကို first dose ထိုးနှံပြီးစီးခဲ့ပြီး၊ယခုဆေးခွဲတမ်းရရှိမှုအရ ပြည်သူ(၆၀၀)အားထပ်မံ၍ first dose ထိုးနှံပေးပြီးခဲ့လျှင် ဒုတိယအသုတ်အုပ်စုအဖြင့် ပြည်သူစုစုပေါင်း (၁၉၀၀) ဦး ကို ပထမအကြိမ် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ယခုလကုန်ပိုင်းရက်များတွင် second dose ကိုထပ်မံ၍ ထိုးနှံပေးသွားမည်ဖြစ် ကြောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံမှ သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)