တနင်္သာရီမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်သန်း၏ ရင်တွင်း စကားသံများ

တနင်္သာရီ အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ယနေ့အောက်တိုဘာလ () ရက်နေ့တွင် ကျရောက် သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစား ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမြင့်သန်း၏ ရင်တွင်း စကားသံများ တွေ့ဆုံမေးမြန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မေးမြန်းခြင်းကို တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီခိုင်က မေးမြန်းရာတွင်

မေး။ မင်္ဂလာပါဆရာမကြီးရှင့်၊ ဆရာမကြီးရဲ့နာမည်၊ အသက်၊ နေရပ်လိပ်စာလေးကို မိတ်ဆက်ပေးပါရှင်

ဖြေ။ ဆရာမကြီးအမည်ကတော့ ဒေါ်ဝင်းမြင့်သန်းဖြစ်ပါတယ်၊ အသက်က(၆၆)နှစ်ဖြစ်ပါတယ်၊ ချောင်းကြီးရပ်ကွက်၊ တနင်္သာရီမြို့မှာနေပါတယ်။

မေး။ ပညာရေးဝန်ထမ်းကာလမှာ ဆရာမကြီးအနေနဲ့ တာဝန်ယူခဲ့တာတွေကိုလဲ ပြောပြပေးပါရှင်

ဖြေ။ ပညာရေးဝန်ထမ်းကာလမှာ (၁၉၇၇)ခုနှစ်မှစပြီး မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ၊ အလယ်တန်း ကျောင်းအုပ်နှင့် အထက်တန်းကျောင်းအုပ် တာဝန်အသီးသီး ယူခဲ့ပါတယ်၊ တနင်္သာရီ(အထက)မှာ အထက်တန်း ကျောင်းအုပ်နဲ့ ပင်စင်ယူခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ဆရာမကြီးအနေနဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေကို လက်ဆင့် ကမ်းချင်တဲ့ စကားလေးလဲ ပြေပြပေးပါရှင်

ဖြေ။ ဆရာမကြီးတစ်ယောက်အနေနဲ့ ဆရာ/မတွေနဲ့ ကျောင်းသား/သူတွေကို လက်ဆင့် ကမ်းချင်တဲ့ စကားကတော့ ဆရာဆိုတာ ဘယ်လိုပဲ့သင်ခဲ့သင်ခဲ့ သင်ဆရာမြင်ဆရာ ကြားဆရာ ဆိုတာရှိပါတယ်၊ သင်ဖူးခဲ့တယ်ဆိုရင်ဆရာပါပဲ၊ ဆရာအဖြစ်ကနေပြီးတော့လည်း ရုပ်သိမ်းလို့ မရပါဘူး၊ တပည့်ဆိုတာဟာ ကောင်းချင်ကောင်းမယ်၊ ဆိုးချင်ဆိုးမယ် ဒါပေမယ့် ဆရာများရဲ့ ထာဝရတပည့်ပါပဲ၊ အမြဲတမ်းကောင်းကျိုးချမ်းသာ အဖြာဖြာကို ရစေချင်ပါတယ်၊ သင်ပေး လိုက်တဲ့ပညာကို ဆက်လက်လေ့လာဆည်းပူးပြီး တိုးတက်တာကိုမြင်ချင်ကြတာပါ၊ ကျောင်း သား/သူများကလည်း ဆရာကောင်းကိုမှီဝဲပြီးတော့ ဆရာများ၏ သွန်သင်ဆုံးမမှုကို နာယူကျင့် သုံးမယ်၊ ကျင့်ကြံအားထုတ်မယ်ဆိုလျှင် လူတော်လူကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်၊ ဒါကြောင့် ဆရာနှင့် ကျောင်းသားဟာ အမှီသဟဲပြုပြီး ကြိုးစားကြ မယ်ဆိုရင်တော့ အနာဂတ်ဘဝ လှပလာပါမယ်။

မေး။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝတွေအတွက် ဆရာတစ်ဦးအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ပြောပြပေး ပါရှင်

ဖြေ။ ကျောင်းသား/သူတွေရဲ့ဘဝမှာ ဆရာဆိုတာ ဒုတိယရင်ခွင်ဖြစ်ပါတယ်၊ မိဘရဲ့ရင်ခွင်က ထွက်ပြီး ကျောင်းကို ရောက်လာတဲ့အချိန်မှစ၍ ဆရာ/မတွေက မိဘနဲ့မခြားတဲ့ ရင်ခွင်လေး တစ်ခုပေးပြီး လေ့ကျင့်ပေးတယ်၊ သွန်သင် ဆုံးမပေးတယ်၊ သာယာနာပျော်ဘွယ်လေး တွေပြောပေးရတယ်၊ ပုံလေးတွေဆွဲပြရတယ်၊ နေ၊ ထိုင်၊ သွား၊ လာမှု ယဉ်ကျေးအောင် သင်ပေးရတယ်၊ ဒါကြောင့် အများအားဖြင့် ကလေးတွေဟာ မိဘရဲ့စကားထက်ကျောင်းမှာ ဆရာ/မတွေရဲ့ စကားကို နားဝင်ကြတယ်၊ ဆရာတွေကလေ့ကျင့်ပေးတယ်၊ သင်ပြပေးတယ်၊ ပြီးတော့ ဆရာ တစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကလည်း ကလေးတွေအပေါ် အသိပေးလမ်းပြ လုပ်လိုက်ခြင်းဖြစ်တယ်၊ ကလေးတွေကလည်း သင်ယူမှုကောင်းရင်ကောင်းသလို၊ ကြိုးစားအား ထုတ်မှုရှိရင်ရှိသလို တိုးတက်လာမှာဖြစ်ပါ တယ်၊ ဆရာတွေက ကျောင်းသားတွေအတွက် အင်မတန်မှ အရေးကြီးတဲ့သူတွေဖြစ်ပါတယ်။ တချို့ကလေးတွေ ဆိုရင် အိမ်မှာ အဆင်မပြေ ပေမယ့် ကျောင်းရောက်လာတဲ့အခါ ဆရာများရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ဆက်ဆံမှုက သူတို့ ဘဝတွေကို တည့်မတ်ပေးနိုင်ပါတယ်။

မေး။ ဆရာမကြီးတို့ တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက တပည့်များအပေါ် လိမ္မာယဉ်ကျေးအောင် ဘယ်လို သွန်သင် လမ်းညွှန်ဆုံးမမှု ပေးခဲ့ပါသလဲရှင့်

ဖြေ။ တပည့်တွေကို လိမ္မာယဉ်ကျေးမှုရှိအောင် အဓိကကတော့ စိတ်ဓာတ်ကိုဦးတည်ပြီး တော့သင်ပေးပါတယ်၊ ဘာကြောင့်လဲဆိုတော့ စိတ်ဓာတ်မကောင်းတဲ့သူတွေစုဝေးနေပြီး ဆိုရင် ဒီကျောင်းမကောင်းတော့ဘူးပေါ့၊ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ကျင့်သုံးရမည့် စိတ်ဓာတ်က အချင်းချင်းကူညီရမယ်၊ စိတ်ကောင်းထားရမယ်၊ စိတ်ဓာတ်ကောင်းတဲ့ လူတွေရှိတဲ့နေရာက ဘယ်တော့မှ မပျက်စီးပါဘူး၊ ဒါကြောင့် စိတ်ဓာတ်ကောင်းအောင် လေ့ကျင့်ပြီး စည်းကမ်းကောင်းအောင် လေ့ကျင့်ပေးခဲ့ပါတယ်၊ ကျောင်းတွေမှာရှိတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆောင်ပုဒ်အတိုင်း စိတ်ဓာတ်ကောင်းရင် စည်းကမ်းကောင်းမယ်၊ စည်းကမ်းကောင်းရင် ပညာတော် လာမှာဖြစ်ပါတယ်၊ ဆိုပြီးတော့ သွန်သင်လမ်းညွှန်ခဲ့ပါတယ်။

မေး။ ဆရာမကြီးရှင့် ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါ အုံးရှင့်

ဖြေ။ ဆရာကျင့်ဝတ်ဆိုတာ လိုအပ်မှ စာအုပ်ကြည့်ပြောတာမျိုးမဟုတ်ပဲ တကယ်ကျင့်ထား ရမှာပါ သိပ္ပမချန်ဆိုတာ တပည့်များကို ကိုယ်သိသမျှ တတ်သမျှကို သင်ပြပေးရမှာပါ၊ဆရာစား ချန်ဖို့ မလိုပါဘူး၊ ပြီးတော့ တပည့်များကို ဘေးမတွေ့အောင် သွန်သင်ပြတာမျိုး၊ သင့်ရာအပ်ဖို့ဆိုတာ အားကစားကို ဝါသနာပါတဲ့ ကလေးမျိုးဆိုရင် ထွန်းပေါက် အောင်ဆောင်ရွက်ပေးတာမျိုး၊ နောက်စိုက်ပျိုးရေးကို ဝါသနာပါတဲ့ကလေးဆိုရင် စိုက်ပျိုးရေးကျောင်းတက်ရန်၊ ရေဆင်း တက္ကသိုလ်မျိုးတို့တက်ရန်အတွက် စာကြိုးစားဖို့ တိုက်တွန်းရမှာပါ၊ ဆရာဆိုပြီးဖြစ်လာ ရင် ဆရာဝတ္တရား ကျေပွန်ဖို့ ဆောင်ရွက်ရမှာပါ၊ တပည့်များကိုလည်း မိမိတို့ကို သင်ဖူးတဲ့ဆရာဟာ မိမိဆရာပဲ့ဆိုတာမျိုး၊ ဆရာရဲ့ ဂုဏ်ကျေးဇူးကို အမြဲသတိရဖို့လည်း သွန်သင်ပေးရပါတယ်။

မေး။ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး ဆရာမကြီးအနေနဲ့အမှတ်တရ ပီတိစကားလေးလဲ ပြောပြပေးပါအုံး ရှိရင်ပြန် လည် မျှဝေပေးပါဦးရှင့်

ဖြေ။ ကမ္ဘာ့ဆရာများနေ့ဆိုတာ အခမ်းအနားတွေ ကျင်းပကြတာတွေ့ရပါတယ်၊ ဝမ်းသာမိပါတယ်၊ ဆရာမကြီးတို့ တာဝန်ထမ်းဆောင်နေစဉ်ကလည်း ဆရာကြီး၊ ဆရာမကြီးတွေကို ကိုယ့်ရဲ့ ချွေးနဲစာလေးတွေနဲ့ ကန်တော့ကြတဲ့အခါ ဝမ်းသာပြီး မျက်ရည်ကျကြပါတယ်၊ ဆရာမကြီး ကိုယ်တိုင် ကန်တော့ခံရတော့လည်း အရမ်းကို ဝမ်းသာမိပါတယ်၊ ကိုယ့်တပည့်တွေက ကျောင်းအုပ်ဆရာတွေ၊ အင်ဂျင်နီယာတွေ၊ တချို့တွေဆိုနိုင်ငံခြားပြန်ဆရာဝန်၊ စစ်ဗိုလ်တွေ ရှိတော့ ကြည့်ပြီးတော့ ပီတိဖြစ်ရပါတယ်၊ တောထဲတောင်ထဲ ဥယျာဉ်ခြံလုပ်နေတဲ့ တပည့်တွေ လည်းရှိတယ်၊ ကိုယ်ပိုင်ကားစီးသွားနေတဲ့ တပည့်တွေလည်းရှိပါတယ်၊ သူတို့လေးတွေကိုတွေ့ရရင် အရမ်းကို ဝမ်းသာပီတိဖြစ်မိပါ တယ်၊ တပည့်တွေက ဘယ်လောက်ပဲ အသက်ကြီးသွား ပါစေ ဆရာမကြီးတို့ မျက်လုံးထဲတော့ ကလေးတွေပါပဲ

မေး။ အခုလိုပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ ဆရာမကြီးကိုလည်း ကျွန်မတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်

ဖြေ။ ဆရာမကြီးကလည်း ရင်ထဲရှိတဲ့ ပြောချင်တာတွေကို ပြောခွင့်ရလို ကျေးဇူးတင်ပါတယ်။

သီသီခိုင်(တနင်္သာရီ)