မုံရွာမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံး ထိုးနှံပြီးစီး၍ ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

မုံရွာ  အောက်တိုဘာ    

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံးထိုးနှံပြီးစီး၍ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှသိရသည်။ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ်ကို စက်တင်ဘာ(၁၆)ရက်နေ့ မှစတင်၍ ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်ရှိနေသည့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အသက်(၅၅)နှစ်မှ (၆၄)နှစ်အုပ်စု၊ မသန်စွမ်းသူများ၊ EthicArmedOrganization(EOAS) ရွှေ့ပြောင်း လူအုပ်စုများနှင့်၊ ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများပါဝင်သည့် အုပ်စုများ၊ ကျန်ရှိရဟန်း သံဃာများနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပို့ဆောင်ရေး လုပ်ငန်းများမှ လုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုအောက်ရှိ ဈေးသူ၊ ဈေးသားများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ အသင်းသူအသင်းသားများနှင့် ကျေးရွာများမှ ပြည်သူများအား ဦးတည်အုပ်စုအလိုက် သတ်မှတ်စုရပ်()နေရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုကူညီ ရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး မုံရွာမြို့နယ်တွင် ယနေ့အထိ ပြည်သူ (၁၂၅၀၀)ဦးအား ဒုတိယအသုတ် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

(ထိန်လင်း-မုံရွာ)