ဆိပ်ဖြူမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းသူများနှင့်ကူညီပံ့ပိုးသူတို့၏စကားသံများ

ဆိပ်ဖြူ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပြီး ပြန်လည်ကျန်းမာသူများနှင့် ကူညီပံ့ပိုးသူများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက တဲကြီးကျေးရွာသို့ ကွင်းဆင်းမေးမြန်းခဲ့ရာ ၎င်းတို့၏ အတွေ့အကြုံစကားသံများကို တင်ပြလိုက်ရပါသည်။

ဒေါ်မြင့်မြင့်ချို

ကျွန်မရဲ့အမည်က ဒေါ်မြင့်မြင့်ချို၊ အသက်က(၄၅)နှစ်၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာမှာ နေထိုင်ပါတယ်။         

ကျွန်မရဲ့အစ်မက စဖျားတာပေါ့၊ ရွာမှာပဲဆေးခေါ်ထိုးတာ၊ ဆေးခေါ်ထိုးရင်းနဲ့ တအားဖျားပြီး ဝမ်းလျော၊ လည်ချောင်းကနာ ကြပ်လည်းကြပ်တော့စိုးရိမ်လို့ ဆရာမလေးကို ထပ်ခေါ်ပြီး ပြောတော့ ဆရာမလေးက ကိုဗစ်လက္ခဏာနဲ့ ညီတယ်ပေါ့နော်၊ ကိုဗစ်ကော်မတီကိုေပြာလိုက်တော့ ကွင်းဆင်းစစ်ဆေးတာပေါ့။ အစ်မတို့က တစ်အိမ်လုံးစစ်ဆေးခံတာ၊ တစ်အိမ်လုံးမှာကျွန်မရယ်၊ ကျွန်မရဲ့အစ်မရယ်၊ တူလေးရယ် ()ယောက်ပဲရှိတာ၊ အဲဒီမှာ ကျွန်မနဲ့အစ်မမှာ တွေ့တာပေါ့၊ ဆရာဝန်က ကျွန်မရဲ့အစ်မက ရင်ကြပ်ပြီးနဲနဲ မောတယ်ဆိုပြီး စိုးရိမ်ရတယ်လို့ပြောပြီး ဆေးရုံကိုခေါ်သွားတာပေါ့၊ ကျွန်မတို့ညီမနှစ်ယောက်လုံးပါသွားတာ၊ ဆေးရုံရောက်တော့ ကျွန်မမှာ အပူငွေ့လေးဖြစ်ပြီး ညောင်းတယ်ကိုက်တယ်ဖြစ်လာတာပေါ့ ၊ လက္ခဏာ ပြလာတာပေါ့။ ဆေးရုံပေါ်မှာ ၁၁ ရက် ဆေးကုသမှုခံယူတယ်၊ ခံယူပြီး ကောင်းလာတဲ့အခါ အိမ်ကိုပြန်လာတယ်။ ပြန်လာပြီး ကိုဗစ်-၁၉ စည်းမျဉ်းနဲ့အညီ အိမ်မှာ Stay Home တစ် ပတ်နေပြီးကျန်းမာလာတယ်ပေါ့။

ကိုဗစ်ရောဂါ ဖြစ်ရင်လူတွေက တအားကြောက်ကြတယ်၊ အကြောက်ကြီးပြီးလည်း ဖြစ်ကြတာများတယ်၊ ကိုဗစ်ဖြစ်တဲ့အိမ်ကို မသွားကြမလာကြ မဆက်ဆံကြဘူးပေါ့နော်၊ ကိုဗစ်ဖြစ်တဲ့သူတွေက စိတ်ဆိုးကြတာ ပေါ့နော်။ အဲလိုခွဲခြားဆက်ဆံခံရရင် ကိုဗစ်ဖြစ်တဲ့ သူတွေက စိတ်မဆိုးကြပါနဲ့ပေါ့၊ ရောဂါကိုထိန်းချုပ်ဖို့ တစ်အိမ်နဲ့တစ်အိမ်မကူးဖို့အခုဆို တီဗီတွေ facebook တွေမှာ ကြေညာနေပါတယ်။ တစ်ဦးနဲ့တစ်ဦး ပေကွာနေဖို့ မတ်(စ်) တပ်ဖို့ အကြံပြုချင်ပါတယ်၊ ကိုယ့်ကိုကိုယ် ကိုဗစ်လက္ခဏာတွေ ပြလာတယ်ဆိုရင် မြို့နယ် ပြည်သူ့ဆေးရုံမှာ အခမဲ့သွားရောက်စစ်ဆေးကြပါ၊ ကိုဗစ်ကာကွယ်ဆေးထိုးပေးကြပါ အသက်အန္တရာယ် မဆုံးရှုံးအောင် ကာကွယ်ဆေးတွေထိုးကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

ဒေါ်လှလှနွယ်

အစ်မနာမည်က ဒေါ်လှလှနွယ်ပါ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာမှာ နေထိုင်ပါတယ်။

အစ်မရဲ့သားကမဖျားဘဲ ညောင်းကိုက်ပြီး အနံ့ပျောက်နေတယ်လို့ပြောပါတယ်။ အနံ့ပျောက်နေတယ်ဆိုတော့ ထိတွေ့တာ သားမိသုံးယောက်ပဲနေတော့ အနံ့ပျောက်တယ် ဆိုတော့ အုပ်ချုပ်ရေးမှူးက ဒီလိုဖြစ်ရင် အကြောင်းကြားဖို့ ပြောထားတဲ့အတွက် အစ်မက အုပ်ချုပ်ရေးမှူးကို ပြောလိုက်ပါတယ်၊ အနံ့မရလို့ စစ်ဆေးချင်ပါတယ် ဆိုတဲ့အကြောင်း အုပ်ချုပ်ရေးမှူးက ခေါ်ပေးလို့စစ်ဆေးလိုက်ပါတယ်။ ရောဂါတွေ့တယ်ဆိုပြီး ဆိပ်ဖြူကို လိုက်ပြီး သစ်စိမ့်ဆီစက်ရုံစင်တာမှာနေရပါတယ်။ စင်တာမှာ ၁၁ ရက်လုံးလုံး နေခဲ့ရပါတယ်။ ဒီရောဂါကြီး ပျောက်အောင် ကိုယ့်ကိုကိုယ် လေကောင်းလေသန့်တွေရှူ၊ အစားအသောက်တွေ များများစားပြီးတော့ ၁၁ ရက်နဲ့ ကျန်းကျန်းမာမာ အိမ်ကို ပြန်လာခဲ့ရပါတယ်။

အနံ့ပျောက်တာတွေ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့အသက်အန္တရာယ်ကို ဆုံးရှုံးမခံဘဲ မရှက်မကြောက် မြို့နယ်ဆေးရုံမှာ အခမဲ့စစ်ဆေးပေးနေတာကို စစ်ဆေးမှုခံပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာ နေထိုင်ပြီး ကိုဗစ်ဆေးထိုးဖို့တိုက်တွန်းချင်ပါတယ်။

အုပ်ချုပ်ရေးမှူး

ကိုဗစ်တတိယလှိုင်းစဖြစ်ပြီဆိုထဲက အဝင်အထွက်တွေကို ထိန်းချုပ်တယ်၊ ရပ်ဝေးရပ်နီးမှ ပြန်လာတဲ့သူတွေကို စောင့်ကြည့်စင်တာမှာထားတယ်၊ ဒါပေမယ်လို့ မြို့ကိုရုံးတတ်နေတဲ့ ဝန်ထမ်းတွေရှိတဲ့အတွက် သံသယရှိတဲ့သူတွေ တွေ့ရှိလာခဲ့ပြီး ကျွန်တော်နဲ့ ဆက်သွယ် လာခဲ့လို့ ကိုဗစ်ကော်မတီကို အကြောင်း ကြားတယ်။ အဲမှာစစ်ဆေးလို့ ပိုးတွေ့လူနာတွေ တွေ့ရှိလာတယ်။ ကွင်းဆက်တွေစစ်လိုက်တဲ့အခါမှာ ပိုးတွေ့လူနာတွေ တော်တော်များများ တွေ့လာရတယ် ဆိပ်ဖြူမြို့ကိုခေါ် စစ်ဆေးပြီးကုသရေးစင်တာမှာထား ကုသခဲ့ပါတယ်။ ကျေးရွာအထိလာရောက်ပြီးဆက်တိုက် ရက်လောက်စစ်လိုက်တဲ့အခါ ပိုးတွေ့လူနာတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ ပိုးတွေ့လူနာတွေလည်း ကျေးရွာကို တစ်ယောက်မှ အသေအပျောက်မရှိဘဲ ကျေးရွာကိုကျန်းကျန်းမာမာပြန်ရောက်ရှိခဲ့ပါတယ်။ နိုင်ငံတော်က ထိုးပေးနေတဲ့ ကာကွယ်ဆေးကို ပြည်သူတွေ အနေနဲ့အားလုံးသွားရောက်ထိုးနှံစေချင်ပါတယ်၊ ကျန်းမာရေးဌာနက လမ်းညွှန်မှာ ကြားတာတွေ ကိုလည်း အသံချဲ့စက်နဲ့နှိုးဆော်ခဲ့ပါတယ်။ ရောဂါလက္ခဏာ ခံစားလာရရင် လူသိမခံဘဲကြိတ်ကုမနေဘဲ ပွင့်ပွင့်လင်းလင်း အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး  ဆေးကုသမှုခံယူစေချင်ပါတယ်။

တွေ့ဆုံမေးမြန်း-ကိုဇွဲ(အညာမြေ)၊မယ်တင့်