မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များပေးအပ်

မိုးညို အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန် အတွက် ငါးသားပေါက် များပေးအပ်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများကို ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် နှစ်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် နှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်ခြင်းကို သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းက ကြီးကြပ်၍ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဂရန်အင်း ၇၄ အင်းအတွက် ငါးမြစ်ချင်းနှင့် ငါးခုံးမကြီးကောင်ရေ (၂၃၈,၅၆၂) ကောင် တို့အား အင်းလုပ်ကိုင်သူများထံ အချိုးကျလက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း ( မိုးညို)