လက်ပံတန်း အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများသို့ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများသို့ လုပ်ငန်းများ လွဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများသို့ လုပ်ငန်းများကို လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။ လက်ပံတန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ကျေးရွာ(၁၇)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများအဖြစ် ဓာတ်အားလိုင်း ဆောင်ရွက်ခြင်းလုပ်ငန်း(၃)ခု၊ ကျေးရွာတွင်း လမ်းမြေနီခင်းခြင်း လုပ်ငန်း(၉)ခု၊ ကျေးရွာတွင်းလမ်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်း(၄)ခု၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁)ခုတို့ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး