ကလေးဝမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ ဆက်လက် ထိုးနှံပေး

ကလေးဝ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေး အဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ချင်းတွင်း မြစ်သာခန်းမ၊ မစိန်ကျေးရွာ၊ ကျော်ဇင်ကျေးရွာတို့ရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကလေးဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို လူဦးရေ ၁၅၀၀ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ရာ  မိဘပြည်သူများ  သွားလာရ လွယ်ကူစေရန်အတွက်  ကလေးဝ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၌ ဆေးထိုးနှံရာနေရာ ၁၀ နေရာ သတ်မှတ် ၍ ၂ ရက်နှင့်အပြီး ထိုးနှံပေးသွားမည်ဖြစ်သည်။

ကလေးဝမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုတို့မှ စုစုပေါင်း လူဦးရေ ၆၂၀ ဦးအား အောက်တိုဘာ ၄ ရက်နေ့အထိ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနေရာများကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)