မော်လမြိုင်ကျွန်း အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community center တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ်အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီး တစ်ဦးနှင့် ကျောင်းဆရာဘဝ မှတ်တမ်းပုံရိပ်များအား အသိပညာဗဟုသုတ တိုးပွားရရှိနိုင်ရန်အတွက် မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင် မှတွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်ကြောင်းသိရှိရသည်။
မေး။မင်္ဂလာပါဆရာကြီးရှင့်၊ ဆရာကြီးရဲ့အမည်နှင့်နေရပ်လိပ်စာလေးကို ပြောပြပေးပါ ဆရာကြီးရှင့်။
ဖြေ။ ဆရာအမည်ကတော့ ဦးစန်းအေးဖြစ်ပါတယ်၊ မော်လမြိုင်ကျွန်း ဇာတိပဲဖြစ်ပါတယ်၊ ဆရာရဲ့အသက်ကတော့(၇၁)နှစ်ရှိပါပြီ၊ အမှတ်(၁၃)ရပ်ကွက်၊ အိမ်အမှတ် (၇၈)၊ ဗိုလ်ဥတ္တမလမ်းမှာ နေထိုင်ပါတယ်။
မေး။ ဆရာကြီး အနေနဲ့ကျောင်းဆရာဘဝ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကျောင်းတွေအကြောင်း သိရှိလိုပါတယ် ဆရာကြီးရှင့်။
ဖြေ။။ ဆရာအနေနဲ့ ပညာရေးဝန်ထမ်းအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့တာက ၁၉၇၂ ခုနှစ်က ဘုရားဒေါင့်ကျေးရွာ အ-မ-ကကျောင်းမှာ လက်ထောက်မူလတန်းပြ၊ သူဌေးကုန်းကျေးရွာသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး မူလတန်းကျောင်းအုပ်အဖြစ် ဖိုးတီလွတ်ကျေးရွာ အ-မ-ကကျောင်းသို့ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ မဲဇလီပုသိမ်စုကျေးရွာ၊ အောင်သုခကျေးရွာ (မူ/လွန်) ကျောင်းမှ သက်ပြည့်ပင်စင်ခံစားခဲ့ပါတယ်။
မေး။ ဆရာကြီးတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကျောင်းသားကျောင်းသူများအား သွန်သင်ဆုံးမ လမ်းညွှန် ဆောင်ရွက်မှုလေးတွေသိချင်ပါတယ်ဆရာကြီးရှင့်။
ဖြေ။ ဆရာတွေအနေနဲ့ စေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့ နာသုံးနာကိုရင်ထဲ စွဲမြဲစေပြီး ၊ အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ဘေးရန်ဆီးကာ၊သင့်ရာအပ်ဖို့ ဆရာတို့ ဆိုတဲ့အတိုင်း စာပေ ပညာတင်မဟုတ်ပါဘူး၊မျိုးဆက်သစ် လူငယ်များရဲ့အသက်အရွယ် အလိုက် သိသင့် သိထိုက်တဲ့ဗဟုသုတတွေ ဖြန့်ဝေပေးပါတယ်။ မျိုးဆက်သစ် လူငယ်တွေ သိရှိကျင့်သုံးရမည့် ကျင့်ဝတ်တွေ၊ အရည်အချင်းပြည့်ဝတဲ့ကလေးတွေဖြစ်ဖို့ ဆုံးမပဲ့ပြင်ရတာလည်း ဆရာတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကလေးတွေကို ဘတ်စုံတော်စေချင်တယ်၊ထက်မြက်စေချင်တယ်။ ကျေးရွာကျောင်းဆရာဘဝက မပြည့်စုံခဲ့သလို ကျေးရွာကျောင်းသား ကျောင်းသူလေး တွေရဲ့ဘဝကလဲ လိုအပ်ချက်တွေ များလွန်းပါတယ်။
တက်နိုင်သရွေ့ ကြိုးစားရတယ် ၊ စာသင်ခန်းထဲ ကလေးတွေရောက်ရှိဖို့ ၊ဆရာတို့ရဲ့မျက်စိထဲမှာ သူတို့လေးတွေကို မျှော်မှန်းချက်တွေ မျှော်လင့်ချက်တွေ အမြဲရင်ဝယ်ပိုက်ထားတယ်။ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ ၊စစ်ဗိုလ်ကြီးတွေ၊ဆရာ၊ဆရာမကြီးတွေ ပေါ့ ၊အဲ့ လိုအတွေးနဲ့ မျှော်ကြည့်ပြီး စာသင်ကြားခဲ့ရတာ ပျော်ရွှင်ကျေနပ်ခဲ့ပါတယ်။
မေး။ ကျောင်းသား ၊ ကျောင်းသူလေးများအား စာပေတင်မဟုတ်ပဲ စာရိတ္တကောင်းတဲ့ ကလေးတွေဖြစ်လာအောင်ဆရာတို့ကြိုးစားခဲ့ရပုံလေးတွေသိချင်ပါတယ်ရှင့်။
ဖြေ။ ဆရာ့ကတော့ မူလတန်းသင်ဆရာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပန်းပုဆရာလိုပ ဲသတ်မှတ်ထားတယ်။ အိမ်မှာမိဘပြီးရင် ကျောင်းက ဆရာတို့လက်ထဲမှာကလေးတွေရှိမယ်။ ကလေးအသက်အရွယ်အလိုက် ဆရာ့ရဲ့အတွေ့ အကြုံတွေ့ နဲ့ယှဉ်ပြီးသွန်သင်ဆုံးမတာတွေ၊ အသက်အရွယ်အလိုက် ကာယဉာဏဆိုင်တဲ့ ပညာရပ်တွေ၊ ပြပွဲပြိုင်ပွဲ၊ စကားရည်လုပွဲတွ တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ အရင်က ကျောင်းတွေမှာ စာကြည့်တိုက်ဆိုတာ မရှိဘူး၊ အိမ်ကနေ စာအုပ်တွေယူသွားတယ်၊ ဖတ်ပြတယ်၊ ပြောပြတယ်လေ ၊ သူတို့လေးတွေ့က ဗဟုသုတ နည်းကြတယ်၊အဲ့ဒီ အသိကြောင့်ပိုပြီး အသိပညာတိုးတက်အောင် ရနိုင်သရွေ့ အချိန်တွေကို ကျောင်းသူ၊ကျာင်းသားများအတွက် ပေးဆပ်ခဲ့ရတာ ။
မေး။ ဟုတ်ကဲ့ ၊ ဝမ်းသာပါတယ်၊ဆရာကြီးရှင့် ။ ဆရာကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်မှာ အမှတ်တရအကြောင်း အရာများရှိရင်လဲသိချင်ပါတယ်။
ဖြေ။ ဆရာ့တို့ကျေးရွာကျောင်းတွေမှာကျောင်းတက်ချိန်ဆို စာသင်မယ့်ကလေးတွေ မလာသေးလို့ ရွာရိုးတစ်လျှောက်လိုက်အော် ခေါ်ရတာကတော့ ခု့ချိန်ထိအမှတ်ရစရာပါကွယ်။ မိဘကမလွှတ်လို့ သူတို့ကစာမသင်ချင်လို့ စတဲ့အကြောင်းအရာမျိုးစုံနဲ့ကလေးတွေကို ကွင်းထဲ၊ရေထဲလိုက် ခေါ်ရတယ်။ မရိုက်ချင်ပေမဲ့ ဆိုးသွမ်းလွန်းလို့ရိုက်ရတဲ့ ကလေးတွေရှိသလို၊ စာသင်ချင်လွန်းပြီး ကျောင်းဆက်မတက်ခဲ့ရတဲ့ ကလေးတွေလဲရှိတယ်လေ။ သူတို့လေးတွေကို ပညာသင်စေချင်တဲ့စိတ်က အဓိကပေါ့ ။ ကျေးရွာတွေမှာဘာသာရေး၊ ဘာသာစကားအသုံးပြုမှု တွေဂရုစိုက်ရပါတယ်။ ခုတော့လဲ လယ်သမား၊ကိုင်းသမား ၊ဝန်ထမ်းအနည်းအကျဉ်း ဖြစ်နေကြပြီ၊ ဆရာ၊ ဆရာမလေးတွေအဖြစ်ပြန်မြင်ရတာက ရှိတယ်။ ဆရာတို့ တစ်အားဝမ်းသာတယ်။ ကိုယ်ပြုစုပျိုးထောင်ပေးတဲ့သူတွေအတွက်လေ။
မေး။ ဆရာကြီးရှင့် .ကျောင်းသားကျောင်းသူများ ဘဝအတွက်အရေအကြီးဆုံး သူများဟာမိဘ၊ ဆရာများဖြစ်ပါတယ်လို့ကျွန်မတို့တစ်တွေခံယူထားပါတယ်။ ယနေ့ဆရာတို့နှင့်တကွ ကမ္ဘာပေါ် မှာရှိတဲ့ ဆရာများအားလုံးကို ဂါဝရပြုပါ တယ်ရှင့်။ယနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် အမှတ်တရစကားလေးပြောကြားပေးစေလိုပါတယ်ရှင့်။
ဖြေ။ဆရာလဲဝမ်းမြောက်ဝမ်းသာရှိပါတယ်။ဆရာ၊ဆရာ၊ဆရာမတွေရဲ့အခန်းကဏ္ဍကအများကြီးအရေးပါတယ်။ လက်ဦးဆရာမည်ထိုက်စွာ မိဘများပြီးရင် ဆရာဆရာမများက ဒုတိယလက်ဦးဆရာပါပဲ၊ မိဘများထက် ဆရာဆရာမ များနဲ့ထိတွေရတာပိုများပါတယ်၊အားလုံး ကိုဆရာဆရာမများကပဲသင်ကြားပေးကြရတာပါ၊
ဆရာတို့ကလဲ ခုလိုအသိအမှတ်ပြု အထိမ်းအမှတ် အဖြစ်ဆွေးနွေးပြောကြားရတဲ့ အတွက်ဝမ်းမြောက် ဝမ်းသာရှိရပါတယ်။ မိမိရဲ့ဘဝရပ်တည်မှု အတွက်အလွန်ဂုဏ်ယူ ဝမ်းမြောက်ရပါတယ်။
ယနေ့ခေတ်က ခေတ်မီနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မို့ လူငယ်တွေအချိန်ကို အကျိုးရှိစွာအသုံးချစေချင်ပါတယ်။ပညာသင်ချိန်မှာပညာသင်ပါ၊ပညာမှာရတဲ့အတွေ့အကြုံတွေကိုယူပါ၊လူယ်တွေစာများများဖတ်ပါ၊ဘာသာတရားစာပေတိုလည်းများများလေ့လာပါ၊နောင်တစ်ခေတ်မှာခေါင်းဆောင်တွေဖြစ်မည့်သူတွေမို့လိုလူငယ်တွေတိုးတက်မှနိုင်ငံကောင်းမှာဖြစ်တဲ့အတွက်ကုန်ဆုံးသွားတဲ့အချိန်တွေကို တန်ဖိုးရှိစွာအသုံးချပြီးမိမိအကျိုး၊ မိမိမြို့ရွာအကျိုး၊ နိုင်ငံ့အကျိုးရှိအောင်ဆောင်ရွက်ကြပါလို့ပြောချင်ပါတယ်။
မေး။ယခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင့်။ဆရာကြီးလဲမိသားစုနှင့်အတူတကွပျော်ရွှင်ပါစေကြောင်းဆုတောင်းပေးပါတယ်ရှင့်။
ဖြေ။ ဆရာကလဲကျေးဇူးတင်ပါတယ်။
သီတာအောင်