မေး။ မင်္ဂလာပါဆရာကြီးရှင့်.. ဆရာကြီးရဲ့ အမည်၊ အသက်နဲ့ နေရပ်လိပ်စာလေး ပြောပြပေးပါအုံးရှင်၊
ဖြေ။ မင်္ဂလာပါခင်ဗျာ.. ဆရာ့နာမည် ဦးစိုးကြည်ပါ၊ အငြိမ်းစားမူလတန်း ကျောင်းအုပ်ကြီးဖြစ်ပါတယ်။ အသက်က (၇၅)နှစ်ရှိပါပြီ၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ သခင်ဖိုးလကြီးလမ်းမှာ နေပါတယ်။
မေး။ ဆရာကြီး ပညာရေးဌာနမှာစတင်တာဝန်တမ်းဆောင်ခဲ့တဲ့ ခုနှစ်နှင့် အငြိမ်းစားယူခဲ့တဲ့အချိန် ကာလကို သိပါရစေရှင်၊
ဖြေ။ ပညာရေးဌာနကို ၁၉၆၃ခုနှစ်၊ အောက်တိုဘာ(၁၇)ရက်နေ့မှာ မူလတန်းပြ လက်ထောက်အနေနဲ့ မြလှချောင်း ကျေးရွာလေးမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ဝါသနာအရလုပ်ခဲ့တာပါ မြို့နဲ့ဝေးပြီး အဲ့ဒီအချိန်က အညိုရောင် နယ်မြေတွေဖြစ်ပါတယ်။ နောက်ကျောင်းတွေပြောင်းပြီး ၁၉၇၇ခုနှစ်၊ ၾသဂုတ်လ(၁)ရက်နေ့မှာ မူလတန်း ကျောင်းအုပ်ဖြစ်ခဲ့ပါတယ်။ မြို့နယ်အစွန်အဖျား ဝေးလံခေါင် သည်လှတဲ့နေရာမှာ ပညာသင်ကြားပေးခဲ့ပါတယ်။ တိုင်းအဆင့် ကျောင်းကျန်းမာရေးစံပြကျောင်း၊ အားကစားထူးချွန်စံပြကျောင်း၊ တိုင်းဘက်စုံစံပြကျောင်းဆုတွေရခဲ့ပြီး ၂၀၀၇ခု ဖေဖော်ဝါရီလမှာ ညောင်တုန်းမြို့၊ အ.မ.က(အရှေ့ပိုင်း)ကျောင်းမှ အငြိမ်းစားယူခဲ့ပါတယ်။
မေး။ ကောင်းမွန်တဲ့ ဆရာ၊ တပည့်ဆက်ဆံရေးကိုသိပါရစေရှင်
ဖြေ။ ဆရာက ဆရာနဲ့တူရမယ် တပည့်ကလည်း တပည့်နဲ့တူရမယ်ဗျာ၊ ဆရာတွေဟာ တပည့်တွေအပေါ် စေတနာ အနစ်နာ ဂရုဏာ ဝါသနာတွေနဲ့ မေတ္တာထားသင်ကြား ပေးကြတာလေ၊ တပည့်က ဆရာ့ စေတနာ မေတ္တာကိုအလေးထားရင် ချစ်ကြောက်ရိုသေ လေးစားတော့ ဆရာတပည့် ဆက်ဆံရေး အဆင်ပြေပြီး သင်ကြားသင်ယူမှု အထူးပြောစရာ မလိုပဲ အောင်မြင်တာပေါ့ဗျာ။
မေး။ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဆရာ၊ ဆရာမတွေရဲ့ အရေးပါပုံကိုသိပါရစေရှင်၊
ဖြေ။ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ကာယ ဉာဏ စာရိတ္တ ရသ သက်မွေးပညာလို့ဆိုတဲ့ ဘက်စုံ ပညာရေးကို သင်ကြားပေးကြရတာ စိတ်ဓာတ် စည်းကမ်း ပညာ ဆိုတဲ့ဆောင်ပုဒ် ကလေးကိုလည်း သတိပြုပျိုးထောင်ပေးရမယ်ဗျာ။ ပေးတယ်ဆိုတာရှိမှပေးလို့ရတာ ဆရာကတပည့်ကို ပေးနိုင်အောင် ဘက်စုံလေ့လာ ပြည်သူ့ဆရာ ဖြစ်ရမှာ ယခုခေတ် ဆရာတွေက တပည့်တွေကို ခေတ်နဲ့အညီ ခေတ်မီ အောင်အချိန်နဲ့ တပြေးညီပြုစု ပျိုးထောင်ပေးကြရမယ် ဆရာကနောက်ကျမနေဘို့ပေါ့ဗျာ။
မေး။ ဆရာတာဝန်ထမ်းဆောင်စဉ်ကာလမှာ အမှတ်တရ ရှိခဲ့တာလေးပြောပြပေးစေချင်ပါတယ်ရှင်
ဖြေ။ ဆရာဘဝကို ခုံမင်နှစ်သက်လို့ နှစ်ပေါင်း(၄၀)ကျော် တာဝန်ထမ်းခဲ့ရတော့ စီမံကိန်းအမျိုးမျိုး သင်တန်း အမျိုးမျိုးတက်ခဲ့ရပြီး ဝမ်းစာဖြည့်ခဲ့ရတာပေါ့ဗျာ။ ၂၀၀၃ခုနှစ်မှာ ထိုင်းနိုင်ငံကို(၁၁)ရက် ကြာသွားရတဲ့ လေ့လာရေးခရီးကတော့ အမှတ်ရဆုံးပါပဲ တစ်နိုင်ငံလုံးမှာ ဆရာ၊ ဆရာမအယောက်(၂၀)သွားရတာလေ။
မေး။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ဆရာကြီးအနေနဲ့ အမှတ်တရစကားလေး ပြောကြားပေး ပါရှင်
ဖြေ။ ကမ္ဘာ့ဆရာများနေ့မှာ လူငယ်ဆရာ၊ ဆရာမတွေအတွက် လက်ဆင့်ကမ်းချင်တဲ့ စကားလေးကတော့ စာဖတ်ကြပါ ခေတ်မီအောင် အမြဲတမ်းလေ့လာကြပါ အင်္ဂလိပ်စကားပြောလေ့ကျင့်ကြပါ ဘက်စုံလေ့ လာပြည်သူ့ဆရာဖြစ်အောင် ကိုယ့်တာဝန် ကိုကျေပွန်ပြီး ဆရာ ဆရာနဲ့တူအောင် တစ်သက်တာ သင်ယူမှုနဲ့ ကြိုးစားမှု မဆိတ်သုဉ်းမှ ထိပ်ဆုံးရောက်မှာလို့ လက်ဆင့်ကမ်းပြောကြားလိုပါတယ်။
မြို့နယ်(ပြန်ဆက်)