မြိတ် အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အသက်(၁၂)အထက် ကျောင်းသား/သူများအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး အောက်တိုဘာလ ဒုတိယအပတ်တွင် ရောက်ရှိလာမည်ဖြစ်ပြီး ဆေးရောက်ရှိလာချိန်တွင် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် ကျောင်း(၂၄)ကျောင်းတွင် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရသည်။
မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးစုရပ် အနေဖြင့် ကျောင်း(၂၄)ကျောင်းတွင် ဆေးထိုးအဖွဲ့(၈)ဖွဲ့ဖြင့် နေ့ရက်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ်နှံထားသည့် စာရင်းကို အခြေခံ၍ သက်ဆိုင်ရာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ ဆေးထိုးရမည့် ကျောင်းသား/သူများကို အကြောင်းကြား ပေးသွားမည်ဖြစ်ပြီး ဆေးထိုးစုရပ်ကျောင်းသို့ သွား ရောက်ထိုးနှံရမည် ဖြစ်ကြောင်း သိရသည်။
“ ကျောင်းသား/သူတွေရဲ့ သဘောတရားက Social Distancing အရနေဖို့ ဘယ်လောက်ပြောပြော ကျောင်းတက်တဲ့အခါကျရင် သတိလက်လွတ်နဲ့ နေတဲ့အခါရှိနိုင်တယ်။ ကျောင်းတွေကိုလည်း ရောဂါအပေါ် မူတည်ပြီး ပညာရေးနစ်နာမှုမရှိအောင် မကြာမီကာလမှာ ကျောင်းတွေပြန်ဖွင့်ဖို့ သက်ဆိုင်ရာမှ စီစဉ်နေတာရှိပါတယ်။ ကျောင်းပြန်ဖွင့်တဲ့အခါကျရင် ကလေးတွေ ကာကွယ်ဆေး ထိုးထားပါက လုံခြုံစိတ်ချစွာ စာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဆရာ/မအားလုံးနီးပါးကိုလည်း ကာကွယ်ဆေးထိုးပြီးပါပြီ ။ ကျောင်းသား/သူတွေ ကောင်းကောင်း မွန်မွန်နဲ့ ကျန်းမာရေးမထိခိုက်ဘဲ ပညာသင်ကြားနိုင်ဖို့ မိမိတို့ရဲ့ကလေးတွေကို ကာကွယ်ဆေးလာ ထိုးပေးကြ ပါလို့ တိုက်တွန်းပြောကြား လိုပါတယ်” ဟု မြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမင်း က ပြောသည်။
ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးပေးရာ၌ အသက်(၁၂)အထက် ဖြစ်ရမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးပါက မိမိ၏ကလေး ကာကွယ်ဆေး ထိုးပြီးကြောင်း သိရှိစေရန် မိဘ(သို့) အုပ်ထိန်းသူတစ်ဦးပါရှိရမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ယူဆောင်လာရန် လိုအပ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် (၁၀)နှစ် အထက် မှတ်ပုံတင်ပြုလုပ်ပြီး သူများဖြစ်ပါက ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို ကျောင်းအပ်နှံ ထားသည့် ကျောင်းသား/သူများအား ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသေးသူများ ဆေးထိုးမည် ဆိုပါက သက်ဆိုင်ရာကျောင်းများသို့ ကြိုတင်သတင်း ပို့ကြပြီး ကျောင်း အပ်နှံကြရန်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ ကာကွယ်ဆေး ထိုးပေးရန် ကျောင်းများနှင့် ချိတ်ဆက် ပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )