မြို့သစ် အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယနေ့ နံနက်ပိုင်းတွင် ရေပိုလွှဲ မှရေကျော်ကျမှု လျော့နည်းကျဆင်းလာကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် (သုည ဒသမ ရှစ်ပေခန့်) ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် (သုည ဒသမ သုံးပေခန့်) သာရှိသည့်အတွက် ရေပိုလွှဲမှရေကျော်ကျမှု (သုည ဒသမ ငါးပေခန့်) လျော့နည်း ကျဆင်းလာကြောင်း သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းသော်လည်း ဆည်အနီးအနားရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှ သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)