ပွင့်ဖြူ အောက်တိုဘာ ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးညွန့်ဝင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ် ကျေးရွာအုပ်စု၊ ရွှေဘိုရွာသစ် ကျေးရွာရှိ ဒေသခံပြည်သူများကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က နိုင်ငံတော်အစိုးရမှ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လက်ဝယ် ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရရှိသေးပါက အခမဲ့ လာရောက်ပြုလုပ် ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ် ကျေးရွာအုပ်စု၊ ရွှေဘိုရွာသစ် ကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် လာရောက်သည့် ဒေသခံပြည်သူ(၉၉)ဦးအား အထောက်အထားများစိစစ်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြလုပ်ဆောင်ရွက် ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု၊ ကျေးရွာပေါင်း (၂၀၅)ရွာရှိပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် “လူမှုဘဝပြည့်စုံဘို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို လူမှုဘဝ ပြည့်စုံဖွံ့ဖြိုးစေရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဝန်ဆောင်မှုပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရကာ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက် ကွင်းဆင်းပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးညွန့်ဝင်းထူး က ပြောသည်။
ရဲဝင်းနိုင်(ညောင်ဦး)