ဒေးဒရဲမြို့တွင်ကမ္ဘာ့ဆရာများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်အငြိမ်းစားဆရာမကြီးတစ်ဦး၏ ဝမ်းသာပီတိစကားသံ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်

ဒေးဒရဲ  အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၁-ခုနှစ် ၊ အောက်တိုဘာလ ၅ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသော အားဖြင့် ဒေးဒရဲမြို့ အငြိမ်းစားဆရာမကြီးတစ်ဦး၏ ဝမ်းသာပီတိစကားသံ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကို ယခုလိုဖေါ်ပြပေးလိုက်ရပါတယ်ရှင်။

မေး။ ဆရာမကြီးမင်္ဂလာပါရှင့်။

ဆရာမကြီးရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာလေးသိပါရစေရှင့်။

ဖြေ။    သမီးရေမင်္ဂလာပါ။

ဆရာမကြီးအမည်က ဒေါ်သင်းသင်းလှိုင်ဖြစ်ပါတယ်၊ အသက်က (၇၉)နှစ်ရှိပါပြီ။နေတာကတော့  အမှတ်(၁)ရပ်ကွက်၊လမ်းမတော်လမ်း၊ အိမ်အမှတ်(၄၁)မှာနေထိုင်ပါတယ်။

မေး။   ဆရာမကြီး ပင်စင်ယူခဲ့တာ ဘယ်အချိန်ကပါလဲရှင့်။

ဖြေ။    ၂၀၀၄ ခုနှစ် ၊ မတ်လ ၇ ရက်နေ့က သက်ပြည့်ပင်စင်ယူခဲ့ပါတယ်။

မေး။   ပင်စင်မယူခင် တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာလေးတွေ‌ပြောပြပေးပါအုံးရှင့်။

ဖြေ။    ဆရာမကြီး က ဒေးဒရဲမြို့ အထက-၁ မှာပဲ အထက်တန်းပြရာထူးနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးအဲ့ဒီကျောင်းကနေပဲ အငြိမ်းစားယူခဲ့ပါတယ်။

မေး။   ဆရာ့ကျင့်ဝတ်ကိုလဲ ရှင်းပြပေးပါအုံးရှင့်။

ဖြေ။    ဆရာကျင့်ဝတ်ဆိုတာကတော့သမီးရယ် ပြည်သူ့နီတိမှာဆိုရိုးရှိထားတဲ့ကျင့်ဝတ်ငါးဖြာဖြစ်တဲ့ “ အတတ် လဲသင်၊ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ဖို့ ၊ဆရာတို့ “ ဆိုတဲ့အတိုင်း ဘယ်ဆရာမဆို ဆောင်ရွက်နေကြမြဲ ၊ပုံမှန်အလုပ်လို့ပြောလို့ရပါတယ်။ တပည့်တွေကို သွန်သင်ဆုံးမ လမ်းညွှန်မယ့်ဆရာ တွေက ပိုပြီးအရည်အချင်း ပြည့်ဝနေဖို့လဲလိုအပ်ပါတယ်။

မေး။   တပည့်ကျင့်ဝတ်နဲ့ပတ်သက်ပြီးလဲ ရှင်းပြပေးပါအုံးဆရာမကြီးရှင့်။

ဖြေ။    တပည့်ကျင့်ဝတ်ဆိုတာလဲ  နီတိတွေထဲကအတိုင်း “ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီး လုပ်ကြွေး၊ သင်တွေးအံရွတ်၊တပည့်ဝတ်”  ဆိုတဲ့အတိုင်း တပည့်တွေအနေနဲ့ ကျင့်ဝတ်တိုင်း ကိုလိုက်နာနိုင်အောင် ဆရာကပဲဦးဆောင်လမ်းပြလုပ်ပြီး လေ့ကျင့်သင်ကြား ပေးရမှာပါ။မူလတန်းအောက်ဆင့အရွယ်တည်းကစနစ်တကျသင်ကြားမှုပေးလိုက်ရင်ဘဝတလျှောက်လုံး အလေ့အကျင့်ကောင်းတွေစွဲမြဲပြီး လူတော်လူကောင်းလေးတွ ဖြစ်လာနိုင်ပါတယ်။

မေး။   ဆရာမကြီးတို့ ကလေးတွေကိုပြုစုပျိုးထောင်တဲ့အခါမှာ ဆရာ/ဆရာမအခန်း ကဏ္ဍကဘယ် လောက်ထိအရေးပါသလဲရှင့်။

ဖြေ။    သမီးရယ် ဆရာဆိုတာ ပညာသင်ပေးရုံတင်မဟုတ်၊ လိမ်မာယဉ်ကျေးအောင်သွန်သင်ဆုံးမ နည်းလမ်းပြပေးသူတွေဖြစ်ပါတယ်။ တပည့်ဆိုတာဆရာထံမှာ ပညာသင်ယူသူ၊အဆုံးအမ လမ်းညွှန်မှုတွေခံယူတဲ့သူတွေဖြစ်ပါတယ်။အနန္တော အန္တငါးပါးထဲမှာ မိဘပြီးရင် ဆရာပဲလေ၊ ဆရာမ တို့က ကလေးတွေရဲ့ဒုတိယမိဘပါပဲ။တပည့်တွေက မိဘပြီးရင် ဆရာမတို့နဲ့ ထိတွေ့မှု အများဆုံးပဲ။ ဆရာမတို့က မတစ်ထောင်သားသမီးတွေကိုပဲ့ပြင်ဆုံးမရတယ်လေ။ အကျင့်စရိုက် မျိုးစုံရှိတဲ့ ကလေးတွေကိုလိမ်မာယဉ်ကျေးအောင်သွန်သင်လမ်းညွှန်ပေးရတာဆိုတော့ ဆရာဆရာမတို့ အခန်း ကဏ္ဍက သိပ်ပြီးအရေးပါတာပေါ့။

မေး။   ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး ဆရာမကြီးအနေနဲ့ အမှတ်တရ များရှိရင်ပြန်လည်မျှဝေ ပေးပါအုံးရှင့်။

ဖြေ။    သက်ကြီးဆရာ/ဆရာမတွေ ချိချိနဲ့နဲ့ အိုမင်းမစွမ်းဖြစ်နေပေမယ့် ကမ္ဘာ့အဆင့် ဆရာများနေ့ဆိုတဲ့  ကမ္ဘာနဲ့ချီတဲ့ဆရာဆိုဂုဏ်ကို ချီးမြှင့်တာမို့ ဆရာမ တစ်ယောက်အနေနဲ့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရတာတော့ အမှတ်တရပေါ့သမီးရယ်။

မေး။    ခုလို  လာရောက်ဖြေကြားပေးတဲ့အတွက် ဆရာမကြီးကို အထူးကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။    ဆရာမကြီးအနေနဲ့လဲ ခုလို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အင်တာဗျူးမှာဖြေခွင့်ရတဲ့ အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။ ကိုဗစ်-ကာလမှာ ပြည်သူအားလုံး ဘေးဘရာကင်းကွာပြီး လိုရာဆန္ဒ တွေပြည့်ဝကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

တွေ့ဆုံမေးမြန်းသူ  - ဒေါ်မေမွန်ထွဋ်