ဖောင်းပြင်မြို့နယ်တွင် ချောင်းရေလျှံ၍ ကျေးရွာအတွင်းနှင့် စပါးစိုက်ခင်းများသို့ ရေများ ဝင်ရောက်နစ်မြုပ်

ဖောင်းပြင် အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကောက်စားချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ယမန်နေ့ နေ့လယ် ၂နာရီအချိန်ခန့်က ပင်သာကျေးရွာတွင်းနှင့် ရွာအနီး လယ်ကွင်းများ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပေါ်ခဲ့ရာ ပင်သာကျေးရွာတွင်း အိမ်ခြေ(၁၀၀)ခန့် ရေဝင်ရောက်ခဲ့ပြီး ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၈၆)(၃၈၇)ကွင်းရှိ စပါးစိုက်ဧက(၃၀၀)ခန့် ရေဝင်နစ်မြုပ် လျက်ရှိကြောင်း၊ အဆိုပါ ရေကြီး ရေလျှံမှုကြောင့် လူ၊ လူနေအိမ်အဆောက်အဦးများနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း၊ စပါးစိုက်ခင်းများ ရေဝင်နစ်မြုပ်မှုအပေါ် ပျက်စီးဆုံးရှုံးမှု ရှိ/မရှိ စိစစ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)