ပဲခူးခရိုင်၊ ပဲခူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အရှိန်အဟုန်မပြတ် အသိပညာပေး နှိုးဆော်ခြင်းနှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ပဲခူး အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ပေါ်ရှိ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး အောက်တိုဘာလ (၄)ရက်နေ့က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ထိုသို့လှည့်လည် အသိပညာပေး နှိုးဆော်ရာတွင် ပဲခူးမြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်နှင့် နေအိမ်မှအပြင်ထွက်သည့်အခါ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး ()ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀) ကြာအောင်ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်း ရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့ပေါ်လူစည်ကားရာနေရာများ၊ စျေးများနှင့် လမ်းဆုံလမ်းခွများတွင် အသိပေး နှိုးဆော်ကြေညာခြင်းများ ဆောင်ရွက်ပြီး (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများကို (Mask)များ အခမဲ့ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိသည်။

ဌေးဌေးကြည်