မြောင်းမြ အောက်တိုဘာ ၅
မေး- မင်္ဂလာပါဆရာကြီးရှင့် ဆရာကြီးရဲ့အမည်၊ အသက်နဲ့နေရပ်လိပ်စာကိုမိတ်ဆက်ပေးပါဦးရှင်။
ဖြေ- ဟုတ်ကဲ့ပါ။ ဆရာကြီးနာမည်ကတော့ ဦးခင်စိုးဖြစ်ပါတယ်။အသက်ကတော့(၈၀)နှစ်ပါ။ အိမ်အမှတ် (၁၇၅)၊ချမ်းမြေ့ရိပ်သာခြံလမ်း၊ကံလှရပ်ကွက်၊ မြောင်းမြမြို့မှာနေပါတယ်။
မေး- ဆရာကြီးပညာရေးဌာနမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ခုနှစ်လေးကို သိချင်ပါတယ်ရှင်။
ဖြေ- ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့မှာ ဘိုကလေးမြို့အထက(၂)ကျောင်းမှာ စတင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဘိုကလေးမြို့မှာ ၁၉၇၉ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၇၉ ခုနှစ်၊ ဩဂုတ်လမှာ မြောင်းမြ အထက(၁)ကျောင်းမှာ စတင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ ၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့မှာ အထက်တန်းပြ ဆရာ အဖြစ်နဲ့ ပင်စင်ယူခဲ့ပါတယ်။
မေး- ဆရာ့ကျင့်ဝတ်နဲ့တပည့်ကျင့်ဝတ်အကြောင်းလေးကိုလည်းပြောပြပေးပါအုံးရှင်။
ဖြေ- "အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ဘေးရန်ဆီးကာ၊သင့်ရာအပ်ဖို့၊ဆရာတို့ကျင့်ဖို့ဝတ်ငါးဖြာ" ဆိုတဲ့အတိုင်း ဆရာများအနေနဲ့ အတတ်ပညာသင်ကြားပေးရုံတင်မဟုတ်ဘဲ တပည့်များအပေါ် ဘေးရန်မကျရောက်စေရန်နှင့် ယဉ်ကျေးလိမ္မာမှုရှိစေရန် သွန်သင်ဆုံးမမှုများရှိခဲ့ပါတယ်။ တပည့် များကလည်း လိုက်နာကျင့်သုံးကြတယ်။ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းက စာရိတ္တသင်ခန်းစာကို ဆရာတွေက နာရီဝက် သင်ကြားပေးရတယ်။ သူ့ထက်ရှေ့တိုးပြီးပြောရမယ်ဆိုရင် မူလတန်းမှာ ပြည်သူ့နီတိကို သင်ကြားရတယ်။ အဲ့ဒါတွေကို သင်ကြားရတဲ့ အတွက်ကြောင့် ကျောင်းသားတွေရဲ့ စိတ်မှာ ဆရာသမားကို ရိုသေကိုင်းရှိုင်း ရမယ်ဆိုတာကို အလိုလိုသိကြတယ်။ အခုဆရာကြီးဆိုရင် လည်း အသက်(၈၀)ရှိပြီ ဒါပေမဲ့ ကိုယ့်ထက်ကြီးတဲ့ ဆရာကြီး ဆရာမကြီးတွေကိုတွေ့ရင် အခုထိ လေးလေးစားစား ဆက်ဆံတုန်းပါဘဲ။ ဆရာကြီးသင်ခဲ့တဲ့ တပည့်တွေဆိုရင်လည်း အခုဆိုရင် အသက်(၆၀)ကျော်တွေရှိပြီး ဆရာကြီးနဲ့စကားပြောဆိုတဲ့အခါမှာလည်း လေးလေးစားစားနဲ့ ပြောဆို နေကြတုန်းပါဘဲ။ အဲ့ဒါဘာကြောင့်လဲဆိုတော့ သူတို့အပေါ် စေတနာမှန်မှန်နဲ့ သင်ကြားပို့ချ ပေးနိုင်လို့ ဖြစ်ပါတယ်။ အခုခေတ်မှာလည်း ကျောင်းသင်ခန်းစာအနေနဲ့ ပြည်သူ့နီတိကိုသင်မယ်၊ ကျောင်းသားများကလည်း လိုက်နာကျင့်သုံးမယ်ဆိုရင် ကလေးတွေအနေနဲ့ ကိုယ်ကျင့်တရား အပြုအမူလေးတွေ ပြောင်းလဲသွားလိမ့်မယ် လို့ထင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ခေတ်ကို ပြန်ရောက်သွားမယ်လို့ထင်ပါတယ်။
မေး- ကလေးတွေကိုပြုစုပျိုးထောင်တဲ့နေရာမှာ ဆရာ၊ဆရာမတွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍလေးကို လည်း သိချင်ပါတယ်။
ဖြေ- အင်မတန်အရေးပါ ပါတယ်။မိဘကမွေးလိုက်တယ် ဒါပေမဲ့(၆)နှစ်ဆိုရင် ကလေးတွေက ကျောင်းကို ရောက်လာပါပြီ။ အဲ့ဒီအချိန်ကနေ (၁၀)တန်းအထိ ဆရာကသင်ကြားပို့ချရတယ်။ မူလတန်းဆရာ တွေက ပိုပြီးတော့တာဝန်ကြီးပါတယ်။ ဆရာကြီးဘိုကလေးမှာနေတုန်းကဆိုရင် (၄)တန်းက အစိုးရစစ်ဆိုတော့ ကလေးတွေကို(၇)နာရီဆို ကျောင်းကိုရောက်အောင်လာရတယ် ကျောင်းမှာ စာသင်ပြီး (၈)နာရီ ဆိုရင် စာမေးပွဲသွားဖြေရတယ် ဖြေပြီးတယ်ဆိုရင်ထမင်းစား၊ ထမင်းစားပြီးတယ် ဆိုရင် စာထပ်သင်ပေးရတယ် အဲ့လိုလုပ်ပေးတဲ့အတွက်ကြောင့် ဆရာနဲ့ကျောင်းသားဟာ ရင်အုပ်မကွာ ဖြစ်နေတယ် အခုခေတ်လည်း စာကိုကျက်ဖြေ လို့ရတယ်ဆိုပေမဲ့ ဒါဟာနည်းလမ်း မမှန်ပါဘူး ကလေးတွေ သဘောပေါက်အောင် သင်ကြားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဆရာတွေ ကဏ္ဍဟာ သိပ်အရေးကြီးပါတယ်။ ဆရာကောင်းရင် တပည့်ကတိုးတတ်သွားပါတယ်။ ဝတ္တရားအတိုင်း လုပ်မယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်ဟာ သူများတိုင်းပြည်ကို မှီအောင် လိုက်ဖို့ အတော်လေးကိုကြိုးစားရပါမယ်။ ဆရာဟာအလွန် အရေးကြီးပါတယ်။ ကလေးတွေကိုလည်း ကျောင်းတက်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပညာတတ်မှ ကိုယ့်တိုင်းပြည်ကောင်းမယ် ပညာမတတ်ဘူးဆိုရင် တိုင်းပြည်အတွက် လဲနစ်နာတယ်။ ကလေးတွေရဲ့ ဘဝတိုးတက်မှုပုံစံက အိုးများလိုပဲသူတို့ရဲ့ လက်ထဲမှာမူတည်တယ်။ ရိုက်ချက်ကောင်းရင် ပုံထွက်ကောင်းမယ် အဲ့ဒီ သဘောပါပဲ။
မေး- ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီးအမှတ်တရစကားလေးကိုလည်းပြောကြားစေလိုပါတယ်။
ဖြေ- ကမ္ဘာ့ဆရာများနေ့မှာ ဆရာ၊ ဆရာမတွေကိုကန်တော့ကြပါတယ်။ ကန်တော့ခြင်းဟာ ကောင်းတဲ့ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မှာ သက်ကြီးဝါကြီး ဆရာကြီးတွေကို ကန်တော့ကြတယ်ဆိုတဲ့ အစဉ်အလာကို မပျက်စေချင်ပါဘူး။ ကျောင်းသားဟောင်း တစ်ယောက်အနေနဲ့ ဆက်လက်ပြီးတော့လည်း ထိမ်းသိန်းစေချင်ပါတယ်။ အခုဆိုရင် နိုင်ငံတော်ကလည်း ကျောင်းတွေကိုပြန်ဖွင့်ဖို့ ကြိုးစားနေပါ တယ်။ ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းကိုတက် စေချင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးလည်း ထိုးစေချင်ပါတယ်။ ကိုဗစ်နဲ့အတူယှဉ်တွဲနေနိုင်ဖို့လည်း ကြိုးစားစေချင်ပါတယ်။ ကိုဗစ်နဲ့ယှဉ်တွဲနေရမယ်ဆိုတာ မခက်ခဲပါဘူး အပြင်ထွက်ရင် Mask တပ်မယ်၊ လက်ဆေးမယ်၊ ခြောက်ပေအကွာနေမယ်၊ လူများတဲ့နေရာ မသွားဘူး။ ဒါဆိုလို့ရှိရင် ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ပြီး ပညာသင်ကြားလို့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို (၁၂)နှစ်အထက် ကျောင်းသား လူငယ်များကို ဆက်ဆက်ထိုးစေချင်ပါတယ် လို့ဆရာကြီးကပြောကြားချင်ပါတယ်။
စန္ဒာကြည်(ခရိုင်ပြန်/ဆက်)