ကြို့ပင်ကောက် အောက်တိုဘာ ၅
ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း အလယ်တန်းကျောင်းသားကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အခြေခံပညာကျောင်းသား ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သေဆုံးမှုကို လျှော့ချရန်နှင့် ကျောင်းသား ကျောင်းသူများမှတဆင့် မိသားစုနှင့်ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းပေါင်း ၃၇ ကျောင်းမှ အသက် ၁၂ နှစ်အထက်ကျောင်းသားကျောင်းသူပေါင်း ၄၀၉၆ ဦးခန့်အား ကာကွယ်ဆေးထိုးနှံပေး သွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံပေးရန် စုရပ်နေရာ ၁၀ နေရာအဖြစ် အထက ပန်းတင်ကျောင်း၊ အထက ဘုရင့်နောင်ကျောင်း၊ အထက ရွှေပန်းတောကျောင်း၊ အထက လယ်တီကျောင်း၊ ထခွဲ လှေတုန်း၊ ထခွဲ ရှားပင်ထ၊ ထခွဲ ကျခတ္တန်းကြီး၊ ထခွဲ သပြုပင်၊ ထခွဲ တောင်ရိုးကွင်းနှင့် အလက ရှမ်းကွင်းကျောင်းတို့အား သတ်မှတ်ထားကြောင်း ကာကွယ်ဆေးကို ၂၈ ရက်ခြားပြီး နှစ်ကြိမ်ထိုးနှံရမည် ဖြစ်ပြီး ကာကွယ်ဆေးမထိုးပါက ကျောင်းတက်ရောက်ခွင့်မပြုကြောင်း ကျောင်းသားမိဘများအနေဖြင့် ကျောင်းသားကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက ပြောသည်။
ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထက်တန်းအလယ်တန်း ကျောင်းအုပ်ကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း