ရှမ်းရွာသစ် အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ကြစေရန်အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်း ကြားကြရန်နှင့် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)