ကျောင်းကုန်း အောက်တိုဘာ ၅
ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှ မြို့နယ်ပညာရေးမှူး (ငြိမ်း)ဆရာကြီး ဦးဝင်းမောင်နှင့် ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကံညွန့် P.A.T, J.A.T, S.A.T (ငြိမ်း)တို့က ယခု လိုပဲ ပြောကြားခဲ့ပါတယ်။
ဦးဝင်းမောင်(မြို့နယ်ပညာရေးမှူးအငြိမ်းစားဆရာကြီး)
ဆရာဆိုတာ အနန္တဂိုဏ်းဝင်ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုပြီး သတ်မှတ်ထားကြောင်း၊ ဆရာမပါလို့ရှိရင် ဘာမှမဖြစ်ဘူးလေ၊ အားလုံးဟာ ဆရာရှိရတယ် ပေါ့နော်၊ ဘာသာအယူဝါဒဆိုလည်း ဗုဒ္ဓကနေ ပြီးတော့ တရားတော်တွေ ဖော်ထုတ်ပေးတဲ့ ဆရာကြီးတစ်ဆူပါပဲ၊ လောကမှာဆိုရင်လည်း ဆရာမရှိပဲနဲ့ မရပါဘူး၊ ဆရာမပါရင် ငပိဖုတ်တောင် နည်းမကျနိုင်ပါဘူး၊ အားလုံးဟာ ဆရာရှိရပါတယ်။
"ကမ္ဘာ့ဆရာများနေ့"ဆိုပြီး အောက်တိုဘာလ(၅)ရက်နေ့ကို နှစ်စဉ်သတ်မှတ်ထားကြောင်း၊ အဲဒီနေ့ ကျရောက် တိုင်း အသက်(၇၅)နှစ်ပြည့်တဲ့ ဆရာကြီး၊ဆရာမကြီးများကို ပူဇော် ကန်တော့ခဲ့ကြပါတယ်၊ "ဆရာမပြ နည်းမကျ" ဆိုတဲ့အတွက် ဆရာတွေရှိမှဖြစ်တာပါ၊ ကောင်း တဲ့လုပ်ငန်းစဉ်တွေ ထွက်လာဖို့ကို ကောင်းသောလူများကို အလိုရှိအပ်တယ်၊ ကောင်းသော လူတွေဖြစ်လာဖို့အတွက် ဆရာ/ဆရာမများမှာ တာဝန်ရှိတယ်၊ လိမ္မာယဉ်ကျေးတဲ့ လူလိမ္မာတွေ၊ အသိပညာနဲ့ပြည့်ဝသူတွေ၊ စိတ်ကောင်းစိတ်မြတ်တွေ ရှိတဲ့သူတွေ ဖြစ်လာဖို့အတွက် ဆရာတွေကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာမိပါကြောင်း။
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို တက်ရောက်ခဲ့တာ(၃)နှစ်ရှိပြီဖြစ်ကြောင်း၊ အခမ်းအနားမှာ ဆရာကြီး၊ ဆရာမကြီးတွေအမြောက်အမြားကို သတိပြုမိခဲ့ပါတယ်၊အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာကြီး(၃)ပါးကို ဆင်ခြင်မိတယ်၊ ဘာဝနာပွားဖြစ်တယ်၊နိဂုံးချုပ်အနေနဲ့ ဆရာ/ဆရာမတွေရဲ့ စကားကို လိုက်နာဆောင်ရွက် ခြင်းဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာတွေကို ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်၊ ဒါပေမယ့် ဆရာအရွေးမမှားဖို့တော့
လိုအပ်တယ်၊ ဆရာကောင်းနဲ့တွေ့မှသာလျှင် ကောင်းတာဖြစ်မယ်၊ ကောင်းတဲ့ဆရာတွေ ဖြစ်အောင်လည်း ဆရာတွေက ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ကြိုးစားကြရမှာဖြစ်တယ်ဟု ပြောကြားခဲ့သည်။
ကံ့ကော်မြိုင်ကိုယ်ပိုင်ကျောင်းအုပ်ဆရာကြီး
ဦးကံညွန့် P.A.T , J A T , S A T(ငြိမ်း)
ကျွန်တော်သည် ၁၉၇၆-၁၉၇၇ ပညာသင်နှစ် ပုသိမ်ဆရာအတတ်သင် (ယခုပညာရေးကောလိပ်)တွင် မူလတန်းဆရာအဖြစ်(၁)နှစ် သင်တန်းတက်ရောက်ပြီး၊ မူလတန်းလက်/ထောက်ဆရာအဖြစ်(၄)နှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်၊ ၁၉၈၁-၁၉၈၂ ခုနှစ်ပညာသင်နှစ်တွင် ရန်ကုန်ကံဘဲ့ဆရာ အတတ်သင်သိပ္ပံတွင် အငယ်တန်းဆရာအဖြစ်(၁)နှစ် သင်တန်းတက်ရောက်ကာ အလယ်တန်းလက်/ ထောက်ဆရာအဖြစ်(၇)နှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်၊ ၁၉၈၈ ခုနှစ်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်(B.Ed)တက်ရောက်ခဲ့ပြီး၊ အထက်တန်းဆရာအဖြစ်(၉)နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါတယ်။
ပညာရေးကို ဝါသနာပါ စိတ်ဝင်စားပြီး၊ ဆရာအလုပ်ကို လေးစားမြတ်နိုး တန်ဖိုးထားသူ တစ်ဦးဖြစ်၍ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း၊ ကိုယ်ပိုင်ကျောင်းတည်ထောင်ကာ တည်ထောင်သူ၊ အုပ်ချုပ်သူ၊ သင်ကြား သူအဖြစ်နဲ့ ယခုအသက်(၆၆)နှစ်ရောက်ရှိသည်အထိ ဆရာ့အလုပ်၊ ဆရာ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်လျှက် ရှိပါတယ်၊ အသက်ရှင် လှုပ်ရှားနိုင်သေးသ၍ ကျောင်း ဆရာအလုပ်ကိုပဲ လုပ်ချင်နေပါ တယ်။
ဆရာတို့၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို စောင့်ထိန်းလိုက်နာ ကျင့်ကြံသူများအတွက် ဆရာ့ ဂုဏ်ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် အောက်တိုဘာလ(၅)ရက်နေ့ကို
"ကမ္ဘာ့ဆရာများနေ့" ဟုသတ်မှတ်ကာ ဂုဏ်ပြုခဲ့ပါတယ်၊ ဆရာသည် ကိုယ့်တပည့်တွေကို ကျောင်းစာပေ တစ်ခုထဲ သာမက လူမွန်၊လူကောင်း၊ လူတော်များဖြစ်အောင် ပြုစု၊ပျိုးထောင်၊ သင်ကြားကြရပါတယ်၊ အဲဒီအတွက် လူမွန်တွေကောင်း၍ လူကောင်းတွေတော်ကြပါစေ၊ ဆရာသည် အတွေ့အကြုံနှင့်အတွေးအခေါ်ကို ပေါင်းစပ်၍ ကောင်းကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နိုင်သူဖြစ်ပါတယ်၊ အဲဒါကြောင့် ဆရာကောင်းတွေတော်၍ ဆရာတော်တွေ ကောင်းကြပါစေလို့ ကမ္ဘာ့ဆရာများနေ့မှာ ဂုဏ်ပြုဆုတောင်း မေတ္တာပို့သ လိုက်ပါတယ်။
ဝင်းကြိုင်(ပြန်/ဆက်)