လိပ်သို အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာ မောင်မိုးယံ ရေးသားသော “လူငယ်နှင့်အနာဂတ် ဘ၀မြှင့်တင်ရေးဆောင်းပါများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ လူငယ်များ အနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် မသက်ဝေနှင်းက စာရေးဆရာမောင်မိုးယံ၏ “လူငယ်နှင့်စာပေမြတ်နိုးစိတ်” ခေါင်းစဉ်ထဲမှ “လူငယ်နှင့်စာပေမြတ်နိုး စိတ်” အကြောင်းအရာကို စဉ်းစားကြည့်သောအခါ ယနေ့ခေတ်ကာလတွင် လူငယ်နှင့် စာပေတဖြည်းဖြည်း ဝေးကွာလာသည်ကို ပြောလိုသော ဆန္ဒဖြစ်မိပါကြောင်း၊ လူငယ်သည် သဘာဝအားဖြင့် အချိန်တန်လျှင် အသက် အရွယ်အရကြီးလာပြီး လူကြီးဖြစ်လာမည်မှာ မလွဲသော်လည်း အချိန်မစီး တန်ဖိုးမတက်သော လူကြီးတစ်ဦးဖြစ်လာလျှင်တော့ ဆန်ကုန် မြေလေး ဖြစ်ပါကြောင်း၊ လူငယ်မှလူကြီးဖြစ်လာဖို့ ကြားကာလ သက်တမ်းသည် လူတစ်ယောက်၏ အသိပညာ၊ အတတ်ပညာ၊ ကြွယ်ဝမှု၊ အသိတရား တိုးတက်မြင့်မားလာမှုက အရေးကြီးပါကြောင်း၊ အသိတရားမြင့်မားလာဖို့ဆိုလျှင် ပြုပြင်ထိန်းကြောင်းသော ဆရာနှင့် အသိတရား တိုးတက်စေမည့် စာပေက အခရာဖြစ်ပါကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)