ဘောဂလိ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌ သာနေထိုင်ရန်၊ မိမ်နေအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်ခံပါရန်နှင့် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက Mask ကို မဖြစ်မနေတပ်ဆင်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခနဆေးကြောရန်၊ လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်နှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်းများတွင် နေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါသည် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက် အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက် ပေးကြရန် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။