မုံရွာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကားပြောကြားရာတွင် “စစ်ကိုင်း တိုင်းဒေသကြီး၏ ဘက်ဂျက်တွေကို ရေးဆွဲတဲ့အခါ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရရှိလာမည့် ဘက်ဂျက်ခွင့်ပြု ဘောင်အတွင်းမှာ လုပ်ငန်းစီမံကိန်းများကို ဦးစားပေး အစဉ်အစီများအလိုက် ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါကြောင်း၊ အဲဒီလိုရေးဆွဲတဲ့အခါမှာ ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် စသည်ဖြင့် ဘက်ပေါက်းစုံမှ စဉ်းစားပြီး ရေးဆွဲရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ရေးဆွဲတဲ့ အခါမှာလည်း မြေပြင်အနေအထားများ ဒီဇိုင်းပုံစံများ စံချိန်စံညွှန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနများက သေချာခန့်မှန်း ရေးဆွဲရမှာ ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်သမ္မတရုံး၏ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ဌားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် ၁/၂၀၀၇ ဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိလှိုင်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ဘဏ္ဍာရေးဆိုင်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးကာ အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ(၆)လအတွက် ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်း၊ ဘဏ္ဍာရေးဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပသော မုံရွာခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးသုံး အကာကွယ် ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ ကိုဗစ်-၁၉ရောဂါကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးကြတဲ့ စေတနာ့ဝန်ထမ်းများ၏ စွမ်းဆောင်မှုဟာ အများကြီး လေးစားစရာ စွမ်းဆောင်မှုပဲဖြစ်ပါကြောင်း၊ နိုင်ငံအတွက် ဂုဏ်ယူစရာလည်းကောင်းသလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဆောင်ရွက်ပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို ဆက်လက် တိုးမြင့်ဆောင်ရွက် သွားမှာဖြစ်တဲ့အတွက် စေတနာ့ဝန်ထမ်းများ အနေဖြင့်လည်း တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက် ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက တိုင်းဒေသကြီး အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မုံရွာခရိုင် အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ စေတနာ့ဝန်ထမ်းများထံ ကျန်းမာရေးသုံး ကာကွယ်ရေး ပစ္စည်းများ အသီးသီး ပေးအပ်ကြပြီး စေတနာ့ဝန်ထမ်းများကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)