ပွင့်ဖြူ အောက်တိုဘာ ၄
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ပြည်တွင်း စားသုံးဆီပြတ်လပ်မှုမရှိစေရန်၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရန်နှင့် ဒေသခံပြည်သူလူထု ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးခွင့်ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့သို့ လာရောက်ပြီး ဒေသခံပြည်သူများကို စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားသုံးဆီများ ဖြန့်ဖြူးရောင်းချပေးရာတွင် ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေနှင့် ဝန်ထမ်းများက လိုအပ်သည်များ ပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရပြီး ဆီပိဿာချိန် ၂၅၀၀ ကျော် ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုနဲ့ ဒေသခံ ပြည်သူလူထု ဈေးနှုန်းချိုသာစွာနဲ့ စားသုံးဆီဝယ်ယူသုံးစွဲနိုင်ရန်နှင့် ပြည်တွင်းစားသုံးဆီ ပြတ်လပ်မှု မရှိစေရေးအတွက် ရည်ရွယ်ပြီးတော့ ယခုလို လာရောက် ဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ပါတယ်။ အဓိကတော့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှန်ကန်စေဖို့ အတွက်ပေါ့။ ယခု ရောင်းချပေးနေတဲ့ စားသုံးဆီတွေဟာ ကျန်းမာရေးဝန်ကြီးဌာန၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ အသိအမှတ်ပြု ထောက်ခံချက်ရရှိပြီးဖြစ်လို့ စားသုံးသူ ပြည်သူလူထုအတွက်လည်း အစားအစာ ဘေးကင်းလုံခြုံမှုရှိပါတယ်။ ရောင်းချပေးတဲ့ ဈေးနှုန်းကတော့ တစ်ပိဿာကို ငွေကျပ် ၃၉၀၀ နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ ဒေသခံပြည်သူအများ ဝယ်ယူ စားသုံးနိုင်ရေးအတွက် တစ်ဦးလျှင် ငါးပိဿာနှုန်း သတ်မှတ်ပြီးတော့ ရောင်းချပေးတာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ဖြစ်သူ ဦးရွှေဝင်းထွန်း က ပြောသည်။
ယခုကဲ့သို့ ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီများ ရောင်းချပေးခြင်းကို မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု) မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)