ရေဦး၌ ဒုတိယအကြိမ် ဆေးထိုးရန်ကျန်ရှိသူ၊ ပထမအကြိမ် ဆေးထိုးရန် စာရင်းပေးထားသူများနှင့် အကျဉ်းသား များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရေဦး အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ်ဆေးထိုးရန် ကျန်ရှိနေသူများနှင့် ပထမအကြိမ်ဆေးထိုးရန် စာရင်းပေးထားသူများ၊ အကျဉ်းသားများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရန်နှင့် ကျန်းမာရေး ၀န်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ငါးယောက်နှုန်းဖြင့် စီစဉ်ဆောင်ရွက် ထားကြောင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း အဆင်ပြေစေရန်အတွက် ကျန်းမာရေးဌာန၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ ၀န်ထမ်းများမှ ကာကွယ်ဆေး ထိုးလာသူများ အမည်စာရင်းဖြည့်သွင်းခြင်း၊ hand gel ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပြီးမှ ဆေးထိုးရန်နေရာသို့ ၀င်ရောက်စေခြင်း၊ လိုအပ်ပါက သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုးဆီးချို စစ်ဆေးပေးခြင်းနှင့် အောက်ဆီဂျင် တိုင်းတာပေးခြင်းများ ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။

ရေဦးမြို့နယ်အနေဖြင့် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမည့် လူဦးရေ ငါးထောင်ထိ လျာထားခဲ့ရာ ယနေ့ပထမအကြိမ် လာရောက်ထိုးနှံသူ ၁၆၇ ဦး၊ အချုပ်ကျနေသူ ၂၆ ဦးအပါအ၀င် ကာကွယ်ဆေးထိုးနှံပြီးသူ ၃၅၂၇ ဦးဖြစ်ပြီး ဒုတိယအကြိမ်ဆေးထိုးလာသူ ၁၈ ဦးရှိကြောင်း၊ တစ်ကြိမ်တစ်ခါမျှ ဆေးမထိုးရသေးသူများ ကာကွယ်ဆေးထိုးနှံလိုပါက အောက်တိုဘာ ၅-၆ ရက်နေ့များအထိ မြို့နယ်အားကစားခန်းမသို့ လာရောက် ဆေးထိုးနှံနိုင်ကြောင်း၊ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ တာ၀န်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)