ကျောင်းကုန်း အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက်အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် အချက်အလက်များအား VMIS စနစ်ဖြင့် Excel စာရင်းရေးသွင်းခြင်းသင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဆေးထိုးအုပ်စု(၇)အုပ်စုဖြင့် ထိုးနှံပေးမည်ဖြစ် ကြောင်းပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် VMIS စနစ်ဖြင့် Excel စာရင်းရေးသွင်းခြင်းလုပ်ငန်းအကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဆေးထိုးအဖွဲ့(၇)ဖွဲ့ဖြင့် ကျောင်းပေါင်း(၇၀)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် အချက်အလက်များအား VMIS စနစ်ဖြင့် Excel စာရင်းရေးသွင်းခြင်းကို ဒုတိယဦးစီးမှူး ဒေါ်စုမွန်သက်က ပို့ချပေးခဲ့သည်။ ကျောင်းကုန်းမြို့နယ်အနေနဲ့အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၀၁၀၇)ဦး ရှိသည့်အတွက် ဆေးထိုးနှံမည့်နေ့တွင် ဆေးထိုးသည့်ဦးရေကို အတိအကျ စာရင်းထည့်သွင်းမည်ဖြစ်ရာ မှတ်ပုံတင်အမှတ်မရှိသေးလျှင် မှတ်ထား၍မြို့နယ် လ.ဝ.ကဦးစီးမှူးနှင့်ချိတ်ဆက်ကာ မှတ်ပုံတင်အမှတ်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဓိကအနေနဲ့ အမည်/အသက် လုံးဝမှားယွင်းလို့မရကြောင်း သိရှိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ဆရာ/ ဆရာမများ၊ ကွန်ပြူတာပညာရှင်များနှင့် ကျန်းမာရေးမှူးများ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)