ပုသိမ် သြဂုတ် ၁၇
COVID - 19 ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးသည့် CERP အစီအစဉ်အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။
CERP အစီအစဉ်အရ တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်ဧက တစ်သိန်းနှစ်သောင်းကျော်၊ ငါးမွေးမြူသူ လေးထောင် ခြောက်ရာကျော်ကို ပထအသုတ်အနေဖြင့် တစ်ဧကလျှင် ငါးသားပေါက် ကောင်ရေ ၂၀၀၀ ၊ တစ်ကောင်လျှင် ၂၀ ကျပ်နှုန်း၊ တစ်ဧကလျှင် လေးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်သော အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်မှ ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် သိန်းပေါင်းနှစ်သောင်းတစ်ထောင် ချပေးထားပြီး ပထမအသုတ်အနေဖြင့် ကန်ငယ်များကို ဦးစားပေး ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ယခု ထောက်ပံ့မှုမှာ ပုသိမ်ငါးမွေးမြူစခန်းမှ ဒုတိယအကြိမ် ထောက်ပံ့ခြင်းဖြစ်ကြောင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က ပြောကြားခဲ့သည်။
ထို့နောက် ငါးမွေးတောင်သူများကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးသိန်း၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းတို့က ငါးသားပေါက်များ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပုသိမ်)