ကျောက်ထု အောက်တိုဘာလ ၄
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ စက်တင်ဘာလကုန်ပိုင်း က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ယော၊ချောင်းမှ ရေသွယ်ယူသည့် မင်းလယ်တောမြောင်း မြောင်းမြေသားများ ပြိုပျက်အိကျပျက်စီးသည်များရှိရာ ပတ်ဝန်းကျင်ကျေးရွာနေ ပြည်သူများ စုပေါင်းအားဖြင့် ပြန်လည်ပြုပြင်လျက် ရှိသည်။
အဆိုပါ ပျက်စီးမှုများအား ကျောက်ထုမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှူး ဦးစိုးမင်း နှင့် မြောင်းကော်မတီဝင်များသည် ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ယောချောင်းရေကြီး တိုက်စားမှုကြောင့် မြောင်းအရှည်ပေ (၁၇၀)ခန့် မြေသားပြိုကျပျက်စီးသည်ကို တွေ့ရကြောင်း သိရသည်။ ဖော်ပြပါပျက်စီးမှုအား ယခုအခါတွင် နီးစပ်ရာ ကျေးရွာအုပ်စုရှိ ပြည်သူများက မြောင်းယာယီအသုံးပြုနိုင်ရန် ပြန်လည်ပြုပြင်ကြခြင်းဖြစ်ကြောင်း သိရသည်။
မင်းလယ်တောမြောင်းသည် အရှည် (၃)မိုင်ခန့် ရှိပြီး ပန်းဆန်ကျေးရွာ၊ သရက်ချဉ်ကျေးရွာ၊ နသိုးကျေးရွာနှင့် ငါလွန်းကျေးရွာတို့ရှိ လယ်ယာမြေဧကပေါင်း (၅၀၀) ဧကခန့်ကို အကျိုးပြုလျက် ရှိပြီး ရာသီမရွေး သီးနှံများ စိုက်ပျိုးနိုင်ရေး အကျိုးပြုလျက်ရှိသော ရေသွယ်မြောင်းဖြစ်ကြောင်း သိရသည်။
မောဟေမာန်