ပွင့်ဖြူ အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာပြီး တမံရေပိုလွှဲမှ (၈)ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၃ ဒသမ ၆) ပေခန့်သာ ရေကျော်ကျမှုရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်လျော့နည်း ကျဆင်းလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ပြီး တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ (၈)ပေကျော်အထိ ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယခုအခါ မိုးရွာသွန်းမှုရပ်တန့်သွားပြီဖြစ်၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းလာခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာတွင် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် (၃ ဒသမ ၆) ပေခန့်သာ ရေကျော်ကျမှု ရှိတော့ကြောင်းနှင့် အဆိုပါ တမံရေပိုလွှဲမှ ရေကျော်မှုမှာ တမံအောက်ဘက်ရှိ ဒေသခံပြည်သူ များအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် က ပြောသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မဲဇလီဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ (နွေ၊ မိုး၊ ဆောင်း) သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်သို့ စိုက်ပျိုးရေများ ပို့လွှတ်ကာ ဖြန့်ဝေပေးလျက်ရှိ၍ ဒေသခံတောင်သူများ စိုက်ပျိုးရေလုပ်ငန်းအတွက် အဓိကမှီခိုအားထားရသည့် တမံတစ်ခုဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံမှ သိရသည်။
ရဲဝင်းနိုင်