မြိတ် အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ကဘင်းကျေးရွာ ရှောင်ကွင်း လမ်းနဘေးရှိ နေအိမ်တစ်လုံးသည် ယမန်နေ့ နံနက်ပိုင်းက မီးဘေးသင့်ခဲ့ရပြီး မီးဘေးသင့် အိမ်ထောင်စုအား ယနေ့ နေ့လယ်ပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက် ထောက်ပံ့ပေးခဲ့ကြသည်။
မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ မီးဘေး သင့်မိသားစု စုစုပေါင်း (၃)ဦး အတွက် တပတ်စာ ဆန်ရိက္ခာဖိုးငွေ(၆၃၀၀)ကျပ်ကို မြိတ်ခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်း (၁၁)မျိုး၊ တစ်ကိုယ်ရေ သုံးပစ္စည်း(၁)စုံ၊ မိသားစုသုံးပစ္စည်း(၁)စုံတို့ကို မြို့နယ်ကြက်ခြေသူနာပြုတပ်ဖွဲ့မှ ယနေ့ညနေပိုင်း၌ သွားရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မီးလောင်ခဲ့သည့်နေအိမ် သည် ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်း ခြေတံရှည် နေအိမ် ဖြစ်ပြီး မီးဘေးသင့်မိသားစုသည် ၄င်းတို့၏ ဆွေမျိုးနေအိမ်တွင် သွားရောက်နေထိုင်လျက်ရှိကြကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး ( မြိတ် )