လှိုင်းဘွဲ အောက်တိုဘာလ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးမှုက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကရင်ပြည်နယ် အတွင်း ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်သည့် လုပ်ငန်း၊ မူကြိုကျောင်း ဖွင့်လှစ်နေမှု အခြေအနေ၊ ကလေးသူငယ်များ ရရှိရထိုက်သော အခွင့်အရေးများကို ကျေးရွာများပါမကျန် သိရှိနိုင်စေရန် အတွက် အသိပညာပေး ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ခြင်း၊ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကလေးသူငယ်များအတွက် ထောက်ပံ့ပေးမှုအခြေအနေ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ ကျား/မ အခြေပြု အကြမ်းဖက်မှု များအား ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့် အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များအား ဖတ်ပြရှင်းလင်းပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီး အကဲများက ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)