ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် (၈၉၀) ဦးအားထိုးနှံပေး

ဖလမ်း   အောက်တိုဘာ  ၄

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂ ရက်၊ နံနက် ၉ နာရီကဖလမ်းမြို့၊ သူနာပြုသင်တန်း ကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်း များပြုလုပ်ပြီးနောက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ကို အသက်(၁၈) နှစ်နှင့်အထက် ဒေသခံပြည်သူစုစုပေါင်း(၄၈၀)ဦးတို့ကို ထိုးနံပေးခဲ့ကြသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ကိုအောက်တိုဘာလ ၁ ရက်နေ့မှ ၂ ရက် နေ့အထိ သာသနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူ စုစုပေါင်း(၈၉၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ၅ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ပထမအကြိမ်ထိုးနှံပေးမှုအား ဖလမ်းခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဖလမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်တို့က ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြသူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။