ဟိုင်းကြီးကျွန်း အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂ ရက်နေ့အထိ ရောဂါကူးစက်ခံရသူပေါင်း ၈၆၇ ရှိပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၇၄၁ ဦးရှိရာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ တစ်ဦး၏တွေ့ကြုံခံစား ရမှုများကို ယခုကဲ့သို့ပြောကြားခဲ့သည်-
မခက်ခက်ခိုင်
ကျွန်မနာမည်က မခက်ခက်ခိုင်ပါ။ ပညာရေးဝန်ထမ်းတစ်ယောက်ပါရှင်။ ပြီးခဲ့တဲ့ ၈ လပိုင်း ၁ ရက်နေ့က ကိုဗစ် Positive စပြီး ဖြစ်ပါတယ်။ အဲ့ဒီနေ့မတိုင်ခင်မှာ ကျွန်မကိုယ်တွေ လက်တွေကိုက်ခဲပြီးတော့ နေရထိုင်ရတာ မအီမသာဖြစ်တယ်။ အပူတက်တာ အဖျားတက်တာမရှိခဲ့ပါဘူး။ ခန္ဓာကိုယ်တွေကိုက်ခဲပြီးတော့ အနံ့နဲ့အရသာ စပျောက်သွားတယ်။ ကျွန်မအနံ့နဲ့အရသာစပျောက်တာ သိသိခြင်း မိသားစုတွေနဲ့ အတူမနေခွဲနေခဲ့ပါတယ်။ ၈လပိုင်း ၂ ရက်နေ့မှာ အ.ထ.က အဏ္ဏဝါကျောင်းဝန်းထဲမှာရှိတဲ့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်က ဖွင့်လှစ်ထားတဲ့ တပ်မတော်ဆရာဝန်တွေနဲ့ ကျွန်မတို့အမှတ်(၃)ရပ်ကွက် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး ကော်မတီက ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာ ကျွန်မကိုဗစ်စစ်ခဲ့ပါတယ်။ ကျွန်မ ထင်ထားသလိုပဲ ကျွန်မ ကိုဗစ် Positive ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မစိတ်ဓာတ်မကျခဲ့ပါဘူး။ ကြောက်လည်းမကြောက်ခဲ့ဘူး။ ကိုဗစ်ကို ကျွန်မရင်ဆိုင်နိုင်မယ်လို့ ကျွန်မယုံကြည်ပြီးသားပါ။
ကျွန်မ Positive ဖြစ်တာသိသိခြင်း အမှတ်(၃)ရပ်ကွက် Volunteer Team က လူနာတင်ကားဖြင့် ကျွန်မကို ဟိုင်းကြီးတိုက်နယ် ဆေးရုံသို့ ပို့ခဲ့ပါတယ်။ အဲ့မှာ ဒေါက်တာမျိုးအေးထွန်းနဲ့ သူနာပြု ဆရာမတွေက အားလုံးနွေးနွေးထွေးထွေးကြိုဆိုကြတယ်။ အားလုံးစနစ်တကျဆေးတိုက်ပြီး တော့ စနစ်တကျပြုစုစောင့်ရှောက်မှုတွေပေးခဲ့တယ်။ ကျွန်မတို့အနေနဲ့ စိတ်ဓာတ်ခွန်အား တွေရပြီး ကိုဗစ်ကိုရင်ဆိုင်ဖို့အတွက် ပိုပြီးသန်မာလာတယ်။ လူနာတွေထဲမှ ကျန်းမာရေးမကောင်းတဲ့သူတွေကို အပြန်အလှန်ဂရုစိုက် ပေးပြီးနေကြတော့ မိသားစုတစ်ခုလိုဖြစ်သွားပြီး စိတ်ချမ်းသာကြရတယ်။ ကျွန်မဆေးရုံရောက်ပြီး နှစ်ရာအကြာမှာ အနံ့ရော ၊ အရသာရော ပြန်ရပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ ဆရာဝန်တွေနဲ့ ဆရာမတွေကတော့ ပုံမှန်အတိုင်း ဆေးလာတိုက်ပြီး ဂရုစိုက်မှုတွေပေးကြတယ်။ ကျွန်မဆေးရုံမှ (၁၂)ရက် နေရပြီး ၈လပိုင်း ၁၆ ရက်နေ့မှာ ဆေးရုံက ပြန်ဆင်းခဲ့ရတယ်။ ဆေးရုံဆင်းတော့လဲ လူနာတင်ကားနဲ့ အိမ်ကို ပြန်လိုက်ပို့ပေးပြီး Home Quarantine (၁၀) ရက် နေခဲ့ရတယ်။
ကျွန်မယုံကြည်ထားတဲ့အတိုင်းပဲ ကိုဗစ်ကို တကယ်တိုက်ထုတ်နိုင်ခဲ့တယ်။ တကယ်တော့ ကိုဗစ်-၁၉ရောဂါဖြစ်တိုင်း အရမ်းကြီးကြောက်စရာမလိုပါဘူး။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် တွေနဲ့ပြသပါ။ ဆေးကို ပုံမှန်သောက်ပါ။ အားရှိအောင်နေပါ။ အားရှိအောင်စားပါ။ Social Distancing နဲ့အညီ တစ်ဦးနဲ့တစ်ဦး ၆ပေခွာနေခြင်း။ လက်ကိုစနစ်တကျဆေးကြောခြင်း။ အပြင်ထွက်ရင် Mask တပ်ခြင်းတို့ကို စနစ်တကျပြုလုပ်မယ်ဆိုရင် ကျွန်မတို့ ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်နိုင်လိမ့်မယ်။ အဓိကကတော့ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အလှည့်ကျလာရင်မပျက်မကွက် ထိုးနှံကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
နွေးနွေးအောင် (ပြန်/ဆက်)