မြိတ် အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက် ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် Stay at Home စည်းကမ်းချက်များနှင့်အညီ ဆက်လက်နေထိုင်ကြရန် မော်တော်ယာဉ်များဖြင့် တာဝန်ရှိသူများက အသိပေး ကြေညာခဲ့ ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုလျော့နည်းလာပြီဖြစ်သော်လည်း နေ့စဉ် ကိုဗစ်ရောဂါပိုး တွေ့ရှိမှုများရှိနေပြီး လုံးဝပျောက်ကင်းမှု မရှိ သေးပါကြောင်း၊ မြိတ်မြို့နယ်အား Stay at Home သတ်မှတ်ခြင်းပယ်ဖျက်ခြင်း မရှိသေးပါကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်နေထိုင်ကြရန် လှည့်လည်အသိပေး ကြေညာ ခဲ့ကြသည်။
ထို့အတူ Stay at Home သတ်မှတ်ကာလဖြစ်သည့်အတွက် အိမ်ထောင်စု(၁)စုလျှင် နေအိမ် ပြင်ပသို့ ထွက်ခွာခွင့်ကဒ်(၁)ကဒ်ထုတ်ပေးထားပြီး အဆိုပါကဒ်ဖြင့်သာ ပြင်ပသို့သွားလာရမည် ဖြစ်၍ ပြင်ပသို့ထွက်ခွာ သည့်အခါတိုင်း Mask တပ်ဆင်ပြီးမှ သွားလာရန်နှင့် Stay at Home စည်းကမ်းချက်များနှင့်အညီ မိမိနေအိမ် အတွင်းနေထိုင်သွားရန်၊ ဝိုင်းဖွဲ့စားသောက်ခြင်း၊ မလို အပ်ဘဲ နေအိမ်ပြင်ပထွက်ခွာ သွားလာခြင်းများ မပြုလုပ်ရန်နှင့် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နေအိမ်ပြင်ပသွားလာခြင်းများကို စစ်ဆေးတွေ့ရှိပါက ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ခဲ့ကြသည်။
မြိတ်မြို့နယ်အား ဩဂုတ်လ(၂၃)ရက်မှ ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာနမှ stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး stay at Home သတ်မှတ်စည်းကမ်းချက်များ အားတိကျစွာလိုက်နာမှသာ ရောဂါ ကူးစက်မှုကို လျော့ချနိုင်မည်ဖြစ်ပြီး ရောဂါကူးစက်မှု မရှိမှ သာ stay at Home သတ်မှတ်ထားရာမှ ပြန်လည် ပယ်ဖျက်နိုင်မည်ဖြစ်သဖြင့် မိဘပြည်သူများ အနေဖြင့် တိကျစွာစည်းကမ်းလိုက်နာ ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )