ဝါးခယ်မ အောက်တိုဘာ ၄
မေး။ မင်္ဂလာပါဆရာမကြီးရှင့်
ဖြေ။ မင်္ဂလာပါသမီးရေ
မေး။ ဆရာမရဲ့ကြီးရဲ့အမည်၊အသက်နဲ့နေရပ်လိပ်စာလေးပြောပြပေးပါဦးရှင့်
ဖြေ။ ဆရာမရဲ့အမည်ကတော့ ဒေါ်ခင်မူဖြစ်ပါတယ်။ အသက်ကတော့ (၆၀)နှစ် ဖြစ်ပါတယ်။ နေရပ်လိပ်စာကတော့ အမှတ်(၁၀၅)၊ ဓမ္မဒါနလမ်း၊ ရွာလယ်ရပ်ကွက်၊ ဝါးခယ်မမြို့ဖြစ်ပါတယ်။
မေး။ ဆရာမအငြိမ်းစားပင်စင်ယူခဲ့တဲ့ အချိန်ကာလကိုလည်း သိပါရစေရှင့်
ဖြေ။ ဆရာမကတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့မှာ အငြိမ်းစားပင်စင်ယူခဲ့ပါတယ်
မေး။ ဆရာမကြီးပင်စင်မယူခင် ဘယ်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါသလဲရှင်။
ဖြေ။ ဆရာမက ၂၆-၄-၁၉၈၆မှာ အလုပ်စတင်ဝင်ရောက်ခဲ့ပါတယ်။ အလုပ်စဝင်တာကတော့ သရက်တောကျေးရွာ မူလတန်းကျောင်မှာ (၇)လတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြီးတော့ မောင်းဒီးကျေးရွာ အလယ်တန်းကျောင်းမှာ အထက်တန်းပြ ရာထူးနဲ့ (၅)နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အဲ့ဒီကမှ အ.ထ.က.(၁)၊ ဝါးခယ်မမြို့မှာ အငြိမ်းစားပင်စင်ယူတဲ့အထိ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။
မေး။ ဆရာမကြီးတို့ တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက တပည့်များအပေါ် လိမ္မာယဉ်ကျေးအောင် ဘယ်လိုသွန်သင်လမ်းညွှန်း ဆုံးမမှုပေးခဲ့ပါသလဲရှင့်။
အဓိကကတော့ စာရိတ္တဆိုတဲ့ ကိုယ်ကျင့်တရားကောင်းဖို့ဘဲသမီး။ ဆရာမက ကျောင်းတက်လို့စာသင်ခန်းဝင်တာနဲ့ အမြဲတပည့် လေးတွေ ကိုယ်ကျင့်တရားကောင်းအောင်၊ လိမ္မာယဉ်ကျေးအောင်အမြဲပြောဆိုဆုံးမလေ့ရှိတယ်။ ပြီးတော့မှစာသင်တယ်။ စာရိတ္တဆိုတဲ့ကိုယ်ကျင့်တရား ကောင်းဖို့ဆိုတာမှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အကျင့်အကြံအားလုံး သူတစ်ပါးကိုမထိ ခိုက်အောင်၊မနစ်နာအောင် စောင့်ထိန်းခြင်းဘဲလေ။ ဒါ့ကြောင်းအခြေခံအချက်လေးတွေကိုရှင်းပြပြီး စာရိတ္တကောင်းအောင် ကျင့်ကြံအားထုတ်နိုင်တဲ့ လူငယ်လေးတွေ လူကောင်းလူမွန် လေးတွေဖြစ်အောင် သွန်သင်လမ်းညွှန်းဆုံးမပေးခဲ့ရပါတယ်။
မေး။ ဆရာမကြီးတို့ ကလေးတွေပြုစုပျိုးထောင်တဲ့အခါမှာ ဆရာ/ဆရာမအခန်းကဏ္ဍက ဘယ်လောက်အရေးပါလဲပြေပြပေး ပါဦးရှင့်။
ဖြေ။ သမီးရယ် ဆရာဆိုတာ ပညာသင်ပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြပေးသူတွေဖြစ်တယ်။ တပည့်ဆိုတာကလည်း ဆရာ့ထံမှာ ပညာသင်ယူသူ အဆုံးမခံသူတွေသာဖြစ်တယ်လေ။
ဆရာနဲ့တပည့်ဆိုတာ ခွဲခြားလို့မှမရတာ။ အပြန်အလှန်အမှီပြုနေကြတာပါ။ အနန္တော အနတန္တငါးပါးမှာ မိဘပြီးရင်ဆရာဘဲလေ။ ဆရာမတို့က ကလေးတွေရဲ့ဒုတိယမိဘဘဲ။ တပည့်လေးတွေက မိဘပြီးရင်ဆရာမတို့နဲ့ ထိတွေ့မှုအများဆုံးဘဲ။ ဒီတော့ တပည့်များအပေါ် လိမ္မာယဉ် ကျေးအောင် သွန်သင်မှုအများဆုံးက ဆရာမတို့ဘဲလေ။ မိဘဆိုတာတောင် သူတို့မွေးထုတ် ထားတဲ့ သားသမီးလောက်သာ ဆုံးမပဲ့ပြင်ရတာ။ ဆရာမတို့က မတစ်ထောင်သားသမီးတွေ ကိုဆုံးမပဲ့ပြင်ရတာလေ။ အဲ့မှာအကျင့်မျိုးစုံ စရိုက်မျိုးစုံကိုလိုက်ပြီး လိမ္မာယဉ်ကျေးအောင် သွန်သင်လမ်းညွှန်ပေးရတာ။ ဒီတော့ ကလေးတွေပြုစုပျိုးထောင်တဲ့အခါမှာ ဆရာ/ဆရာမအခန်း ကဏ္ဍက ဘယ်လောက်အရေးပါလဲဆို အရမ်းအရေးပါတာပေါ့သမီးရယ်။
မေး။ ဆရာမကြီးရှင့် ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ လည်းရှင်းပြပေးပါဦးရှင့်။
ဖြေ။ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်ဆိုတာ ဆရာမတို့၊ သမီးတို့ငယ်ငယ်ထဲက အမြဲရွတ်လာရတဲ့ အလင်္ကာထဲကလိုပေါ့ ဆရာဆိုတာကလည်း" အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ"ဆိုတဲ့ဆရာကျင့်ဝတ်နဲ့ လျှော်ညီရသလို တပည့်တွေရဲ့ အနာဂတ်ဘဝတင့်တယ်တာကိုလိုလားကြသူ တွေဖြစ်တယ်။ တပည့်ဝတ္တရားနဲ့ ပတ်သက်ပြီးတော့ "ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင့်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ"အလင်္ကာအတိုင်းတပည့်ဝတ္တရားနဲ့ လျော်ညီရမယ်။ အဓိကကတော့ ဆရာသင်ကြားပြသပေးတဲ့ ပညာရပ်တွေကိုအသုံးချပြီး နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေပြီးပါဝင်နိုင်တဲ့ အဖိုးတန်တဲ့အနာဂါတ်ရဲ့သားကောင်း ရတနာလေးတွေ ဖြစ်စေချင်တာပေါ့ကွယ်။
မေး။ ကမ္ဘာ့ဆရာများနေ့နဲ့ ပတ်သက်ပြီး ဆရာမကြီးအနေနဲ့ အမှတ်တရများ ရှိရင်ပြန်လည် မျှဝေပေးပါဦးရှင့်။
ဖြေ။ ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး အမှတ်တရတွေကတော့ အဲ့ဒီနေ့မှာကျင်းပပြုလုပ်တဲ့ အာစရိယပူဇော်ပွဲအခမ်းအနား တွေကိုတက်ရောက်ဖြစ်ပါတယ်။
မေး။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ ဆရာမကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့်။
ဖြေ။ ဆရာမကလည်း ခုလိုသက်ပြည့်အငြိမ်းစားယူထားတဲ့ ဆရာမကြီးတို့ကိုလာရောက်မေးမြန်းတဲ့သမီးတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများကိုကျေးဇူးတင်ရှိပါတယ်
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)