စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ် လှူဒါန်း

မုံရွာ အောက်တိုဘာ ၄         

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းနှင့် စားသောက်ဖွယ်ရာများ အဆင်ပြေစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်၊ ပဲနှင့် ဆားများအား လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် အိုးဘိုတောင်ရပ်ကွက်ရှိ၊ မကုဋာရာမ ပရဟိတကျောင်းသို့ ရောက်ရှိရာ ဦးမကုဋ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြဝတီရပ်ကွက်၊ မဟာကံဦးကျောင်းတိုက်သို့ ရောက်ရှိရာ ဦးပဒုမ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သဃာတော်များ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သာသနဟိတကာရီ ကျောင်းတိုက် ဦးသုခသာမိ (ရွှေကျင်) ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ၊ မကျဉ်းအုပ်ကျောင်းတိုက်သို့ ရောက်ရှိရာ ဦးလာဘ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရန်ကင်းရပ်ကွက်ရှိ အသောကရုံကျောင်းတိုက် ဆရာတော်ကြီး ဦးသမ္ပုဏ္ဏ (ရွှေကျင်)ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဝင်းဦး(ဇေယျာတိုင်း)