ရွှေဘိုမြို့နယ်တွင် ဖျက်အားပြင်းပိုးမွှား ကင်းထောက် မှတ်တမ်းယူခြင်းနှင့် ဥကပ်ပါးနဂျီ လွှတ်ပွဲကျင်းပ

ရွှေဘို အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ဖျက်အားပြင်းပိုးမွှား ကင်းထောက် မှတ်တမ်းယူခြင်းနှင့် ဥကပ်ပါးနဂျီလွတ်ပွဲကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီး ကိုယ်စားပြုဆောင်ရွက်သည့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေး ဧက(၁၀၀) စံပြကွက်ဖြစ်သော မြင်ချင်ကျေးရွာရှိ ရွှေဘိုပေါ်ဆန်း စပါးစိုက်ခင်း (၁၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။

ရှေးဦးစွာ ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေမှ ပိုးမွှားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရန် ဆောင်ရွက်ရမည့် အချက်များကို  ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဒေါ်မာချိုမှ ဥကပ်ပါးနဂျီ လွတ်၍ဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းရသည့် အကြောင်းအရင်းများနှင့်  ပိုးမွှားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရန်၊ ဓါတုပိုးသတ်ဆေးများ လျော့ချနိုင်စေရန်၊ သီနှံဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်များကို လိုက်နာကျင့်သုံးတတ်စေရန်၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်ကို လျော့ချနိုင်စေရန် စသည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ဇီဝသက်ရှိများ စိုက်ခင်းအတွင်းလွှတ်၍ ကာကွယ်နှိမ်းနင်းရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထိုကင်းထောက် မှတ်တမ်းယူခြင်းနှင့် ဥကပ်ပါးနဂျီလွတ်ပွဲသို့ တက်ရောက်လာသော မြင်ချင်ကျေးရွာမှ တောင်သူများကို အဝါရောင်ကော်ထောက်ချက်များ၊ သဘာဝ ပိုးသတ်ဆေးများနှင့် ဥကပ်ပါးနဂျီကဒ်များ ပေးအပ်ခဲ့သည်။

ရွှေဘိုမြို့နယ်တွင် ယခုနှစ်မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်း (၉၇၂၈၄)ဧက၊ ဧရာမင်း (၃၁၈၀)ဧက၊ မနော်ဟရီ (၁၂၉၉၆)ဧက၊ ရွှေသွယ်ရင် (၁၄၄၅)ဧက၊ ဆင်းသုခ(၁၈၇)ဧက စုစုပေါင်း မိုးစပါးစိုက်ဧက(၁၁၆၈၇၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း ထံမှသိရသည်။

ခရိုင်(ပြန်/ဆက်)