ကန့်ဘလူ အောက်တိုဘာ ၄
ဆောက်လုပ်ရေး ဝန်ကြီးဌာန ကန့်ဘလူမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေး ဦးစီးဌာနသည် ကျေးလက် လမ်း၊တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက် ပေးခြင်းဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူလျင်မြန်စေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် လျက်ရှိရာ အဆိုပါဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာချင်းဆက်လမ်း၊ တံတားလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
‘‘ကျွန်မတို့ဌာနအနေနဲ့ ကျေးလက်နေပြည်သူတွေ သွားလမ်းသာလို့ လာလမ်းဖြောင့်အောင် အဓိက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ ဌာနဖြစ်ပါတယ်။ အခုလို ကျေးရွာချင်းဆက် လမ်း၊တံတား လုပ်ငန်းတွေ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသထွက်ကုန်တွေ ကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်လာနိုင်ပြီး ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်”ဟု မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှူး ဒေါ်နွေးတင့်လှိုင်က ပြောသည်။
မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လမ်း၊တံတား လုပ်ငန်းများမှာ ရေရှင်-တရော်ကိုင်း ဂျင်းလမ်းခင်းခြင်း ၃ ဒသမ ၂၁၉ ကီလိုမီတာ၊ ရေကြည်ဦး-ရေရှင် (မြေ+ဂျင်း)လမ်း ၂ ဒသမ ၈၁၆ ကီလိုမီတာ၊ ထန်းကုန်း-ဇီးပင်သာ-ရဲဒွေး-ထိန်တော-သရက်တာ-ကျေးပင်အက် (ထန်းကုန်းနှင့် ဇီးပင်သာ ကြားအပိုင်း) ဂျင်းလမ်း ၃ ဒသမ ၂၁၉ ကီလိုမီတာ၊ ဇီးကုန်း-ငါးရာနဲ-သိုးဘိုး- ချင်မြစ်ကျင်းလမ်း (ချင်မြစ်ကျင်း အပိုင်း) ဂျင်းလမ်း ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ ကန့်ဘလူ-ဆည်ကြီး (မြေ +ဂျင်း) လမ်း ၃ ဒသမ ၀၁၇ ကီလိုမီတာ၊ မူးဘောင်လမ်းမှ မင်းဘာ-လက်ထုပ်ကုန်း ဂျင်းလမ်း ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ ဆင်ကောင်းကျေးရွာအဝင် ကျောက်လမ်း (ဇော်ချောင်းနှင့် အလယ်ခုံကြား) ၁ ဒသမ ၂၀၇ ကီလိုမီတာ၊ အောက်တဲ-ဝက်သအင်း(မြေ +ဂျင်း) လမ်း ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ ကံကြီး(န) (စိုင်ချောင်းကူးတံတား) ကွန်ကရစ်တံတား တည်ဆောက်ခြင်း ၁၃ ဒသမ ၅ မီတာ၊ သင်တောကျေးရွာထွက် ရေကျော်တည်ဆောက်ခြင်း ၄၅ မီတာ၊ ထန်းတော-ခေါ်သန္တီ ကျေးရွာကြား ငှက်ခါးချောင်း ကွန်ကရစ်တံတား ၆ မီတာ၊ ပုပ္ပါး-အင်းလယ်ကြီး-ကန့်ဘလူ (ကျွန်းပင်ကုန်းနှင့်သရက်တာကြား) ကျောက်လမ်း ၃ ဒသမ ၆၁၅ ကီလိုမီတာခင်းခြင်းနှင့် ခရိုင်ချင်းဆက် အမှတ်(၃)လမ်းအရှည် ၄ ဒသမ ၆၆ ကီလိုမီတာအား ၉ ဒသမ ၁၄ မီတာ အကျယ်ရရှိအောင် ဖို့မြေ၊ ဖြတ်မြေ လုပ်ငန်း ဆောင်ရွက်ခြင်း ၅ ဒသမ ၄၉ မီ တာ အကျယ်၊ ၁၅၀ မီလီမီတာထု ဂျင်းခင်းခြင်းတို့ကို ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၁၀၀၈ ဒသမ ၈၅၁ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးရွာချင်းဆက် လမ်းများခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ လမ်းချဲ့ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ဒေသတစ်ခုနှင့်တစ်ခု အခက်အခဲမရှိ သွားလာနိုင်ပြီး ဒေသထွက်ကုန်များကို အချိန်တိုအတွင်း သယ်ယူ ပို့ဆောင်နိုင်ကာ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း ကျန်ရှိသည့် ကျေးရွာချင်းဆက်လမ်း၊ တံတားလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်နိုင်ရန် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)