ရွာသစ် အောက်တိုဘာ ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေး သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်မှစ၍ ရွာသစ် တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော ပြည်သူများအား ရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်အလိုက် စာရင်းမှတ်တမ်းပြုစုပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ ဖျားနာခြင်း များ ရှိ/မရှိ မေးမြန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံပြီးသော ပြည်သူများအား မိနစ် (၃၀)ခန့် အနားယူစေပြီး ထူးခြားမှု ရှိ/မရှိ စောင့်ကြည့်မှုများ လုပ်ဆောင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများနှင့် ပူးပေါင်း၍ ရပ်ကွက်အလိုက် ဦးစားပေးအလိုက် သတ်မှတ်ထားသည့် လူဦးရေ (၁၀၀) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)