နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကန်ကြီးရပ်ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

နတ်မောက် အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေး လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကန်ကြီး ရပ်ကွက်သို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေးနေမှုကို ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၂၈)ဦး၊ မ(၁၉)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၃)ဦး၊ မ(၇)ဦး၊ စုစုပေါင်း(၅၇)ဦး ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီံမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌ အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ ရွှေ့ပြောင်း နေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို သတ်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်